Wednesday, May 28, 2014

တပ်မတော်(ရေ)၏ လေ့ကျင့်မှုပုံရိပ်များ

ကျယ်ပြောလှသည့် မြန်မာ့ရေပြင်ပိုင်နက်အား ကာကွယ်ရန်အတွက် ခေတ်မီရေတပ်ကြီးတစ်ခု ပိုင်ဆိုင်ထားရန် လိုအပ်လှပါသည်။ မိမိရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ရေယာဉ်ငယ်များအား ဖမ်းဆီးခြင်းမှစ၍ တရားမဝင် ဝင်ရောက်လာသော ရန်သူ့စစ်ရေယာဉ်များကို တိုက်ခိုက်ချေမှုန်းခြင်းစသည့် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကြောင့် မိမိတို့ရေတပ်သည် အမြဲအသင့်ရှိနေရန်လိုအပ်ပါသည်။

တပ်မတော်(ရေ)အနေဖြင့် ၅စီးရီးဟု လူသိများသည့် ၅၅၁ မှ ၅၇၀အထိသော အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များအပြင် ၇၇စီးရီးဖြစ်သော ၇၇၁ နှင့် ၇၇၂ အပေါ့စားဖရီဂိတ်စစ်ရေယာဉ်များ၊ F11 ခေါ် အောင်ဇေယျ ဖရီဂိတ်စစ်ရေယာဉ်၊ ကိုယ်ပျောက်နည်းပညာသုံး F12 ကျန်စစ်သားနှင့် F14 ဆင်ဖြူရှင် ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို မိမိတို့ပြည်တွင်းတွင်ပင် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး နိုင်ငံတကာရေတပ် အသိုင်းအဝိုင်းကြားတွင် အများလေးစားရသော အဆင့်တစ်ခုအထိ ရရှိနေပြီဖြစ်ပါသည်။

 ထို့အပြင် ယခုနောက်ဆုံးအနေဖြင့် အလူမီနီယံ ကိုယ်ထည်သုံး တော်ပီဒိုတင် စစ်ရေယာဉ်များလည်း တည်ဆောက်မှု စတင်နေပြီဖြစ်ပါသည်။ အဆိုပါ တော်ပီဒိုတင် စစ်ရေယာဉ်များအနေဖြင့် ကိုယ်ထည်အား အလူမီနီယံအသုံးပြုထားခြင်းကြောင့် သံလိုက်ဓါတ်ဖြင့် ထောင်ထားသည့် ရေအောက်ဗုံးများရန်မှ ရှောင်ကွင်းနိုင်မှု မြင့်မားပါသည်။

ရေတပ်၏ မကြာသေးခင်က ကျင်းပခဲ့သော Sea Shield Naval Exercise မှသည် ဒေသတွင်းနိုင်ငံများအား တပ်မတော်(ရေ)၏ အင်အားအမှန်အားပြသနိုင်ခဲ့ပြီဖြစ်ပြီး မိမိတို့ပြည်တွင်းထုတ် ၇၇၁ နှင့် ၇၇၂ ဖရီဂိတ်စစ်ရေယာဉ်များအပေါ်မှ ပဲ့ထိန်းဒုံးများဖြင့် သတ်မှတ်ထားသည့် ပစ်မှတ်အတုများအား အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါသည်။ ထို့အပြင် ကျန်စစ်ရေယာဉ်များဖြင့်လည်း ရေကြောင်းရန်ကာကွယ်ရေးသာမက လေကြောင်းရန်ကာကွယ်ရေး တိုက်ပွဲဝင်လေ့ကျင့်ခန်းများကိုပင် လေ့ကျင့်ခဲ့ကြပါသည်။ ေ

အောင်ဇေယျ ဖရီဂိတ်စစ်ရေယာဉ်မှ လေ့ကျင့်မှုများ





 မကြာတော့သော ကာလတွင် ရေငုပ်သင်္ဘောပိုင်ဆိုင်တော့မည့် ယိုးဒယားရေတပ်နှင့် ဘင်္ဂလားဒေ့်ရေတပ်၏ ခြိမ်းခြောက်မှုများအား အကောင်းဆုံးခုခံနိုင်စေရန် ပြင်ဆင်ထားရတော့မည်ဖြစ်ပြီး မိမိတို့အနေဖြင့်လည်း ရေငုပ်သင်္ဘောများအား တိုက်ပွဲဝင်အနေအထားအထိ လေ့ကျင့်ပေးထားနိုင်သော ရေတပ်ဖွဲ့ကြီးတစ်ခုဖြစ်နေရန် လိုအပ်လှပါသည်။

 ၇၇၁ အနော်ရထာ အပေါ့စားဖရီဂိတ် စစ်ရေယာဉ်



ရေငုပ်သင်္ဘောတိုက်ဖျက်ရေးဆိုင်ရာ လေ့ကျင့်ခန်း


 ရေတပ်လေ့ကျင့်ခန်းများ




 ရေတပ်သားတို့ဘဝ




 အချုပ်အားဖြင့်ဆိုရသော် မိမိတို့အနေဖြင့် အမြဲလေ့ကျင့်အမြဲစစ်ရေးသတိရှိကာ ခေတ်မီသော ရေတပ်ဖွဲ့ကြီးတစ်ခုအဖြစ်တည်ဆောက်ထားရမည်ဖြစ်ပြီး
  မည်သည့်ကျုးကျော်ရန်စမှုမျိုးကိုမဆို ရင်ဆိုင်ချေမှုန်းသွားရမည်ဖြစ်ပါသည်...။

Tuesday, May 27, 2014

၁၆၀မမ စိန်ပြောင်းကြီးများ







၁၆၀မမ ခြေလျင်သုံး စိန်ပြောင်းကြီးများကို ဒုတိယကမ္ဘာစစ် ဆိုဗီယက်ရုရှားတပ်မတော်က စတင်အသုံးပြုခဲ့သည်။ ခြေလျင်သုံး စိန်ပြောင်းကြီး(လက်နှက်ကြီး) တွင် အကြီးဆုံးဖြစ်သည်။
M-1943 ဟုခေါ်ဆိုသော ထိုစိန်ပြောင်းကြီးကို ၁၂၀မမ စိန်ပြောင်းများထက် ပိုမိုပြင်းထန်သော ကြောက်စရာ လက်နှက်တစ်ခု အဖြစ် အသုံးပြုခဲ့ကြသည်။ 
M-1943
၈၈ပေါင်ကျော် (၄၀ကီလိုဂရမ်) လေးသော ဗုံးသီးကို ပစ်ခတ်နိုင်ရန် အတွက် ပြောင်းအရှည် ၃မီတာထိ ထားရှိရပြီး ၃ချောင်းထောက်ဖြင့် ပစ်ခတ်ရသည်။
ထောင့်မြင့် ၈၀*၊ ထောင့်နိမ့် ၄၅* ဘေးဘယ်ညာ ၂၅* ပစ်ခတ်နိုင်သည်။ အကွာအဝေး ၅.၂ ကီလိုမီတာ (၃မိုင်) ထိ တစ်မိနစ်လျင် ၃ထောင့်မှ ၁၀တောင့်ထိ ပစ်ခတ်နိုင်သည်။ ဆိုဗီယက်၏ ထို၁၆၀မမ စိန်ပြောင်းစနစ်ကို ဆီးရီးယား၊ အီရန်၊ ပိုလန်စသည့် နိုင်ငံများက အသုံးပြုပြီး တရုတ်က ပုံစံ၅၆ စံလွန်စိန်ပြောင်း အဖြစ် ပြင်ဆင် ထုတ်လုပ်သည်။
ပုံစံ၅၆

 ပိုမိုလွယ်ကွယ်ရိုးရှင်းသော ပုံစံဖြင့် ထုတ်လုပ်ထားပြီး အကွာအဝေး ၈ကီလိုမီတာ ၄မိုင်ကျော် ထိ ပစ်ခတ်နိုင်လာသည်။ ထို စိန်ပြောင်းကို ပစ်ခတ်နိုင်စေရန် အတွက် စစ်သည် ၆ဦးမှ ၁၀ဦးထိ လိုအပ်သည်။
M66

 ၁၆၀မမ စိန်ပြောင်းစနစ် ကို အမေရိကန်မှ စမ်းသပ်ထုတ်လုပ်ပြီး သုံးဆွဲခဲ့သည်။ ထို့နောက် ဗီယက်နမ်စစ်ပွဲနှင့် အာရပ်အစ္စရေး စစ်ပွဲများတွင် အသုံးပြုပြီး အစ္စရေးက M66 အမည်ဖြင့် ထုတ်လုပ်သုံးဆွဲသည်။ ၃၈ကီလိုဂရမ် ဗုံးသီးကို အသုံးပြုသည်။ ပြောင်းအလျား အနည်းငယ်တိုပြီး ခြေလျင်သာမက ယာဉ်တင်အဖြစ်ပါ Makmat 160 mm အဖြစ် ရှားမင်းတင့်ပုံပြောင်းပေါ်တွင် အသုံးပြုသည်။ 
Makmat 160 mm
အကွာအဝေး ၉ကီလိုမီတာကျော် (၅မိုင်) ထိပစ်ခတ်နိုင်ပြီး ထောင့်မြင့် ၈၀* ထောင့်နိမ့် ၃၀* ဘေးဘယ်ညာ ၂၅* ထိပစ်ခတ်နိုင်သည်။
KIA စက်ရုံထုတ် ၁၆၀မမ ဗုံးသီးများ

၁၆၀မမ စိန်ပြောင်းဖြင့်
ခွင်းကျည်များ၊ မီးစုန်းဖြူသုံး လင်းကျည်များအပြင်၊ ဓါတု လက်နှက်များအထိ ပစ်ခတ်နိုင်သည်။ တရုတ်နှင့် အခြားနိုင်ငံအချို့တွင် မီးရှူးမီးပန်း ပစ်ဖေါက်ရန် အတွက် အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင်KIA, SSA နှင့် UWSA ဝ စသည့် လက်နှက်ကိုင်တပ်များတွင် အသုံးပြုလျက်ရှိသည်။
UWSA အမြောက်တပ်
KIA သုံး ၁၆၀မမစိန်ပြောင်း
 
၁၆၀မမ စိန်ပြောင်းအား သယ်ဆောင်လာစဉ်
တိုင်းရင်းသား လက်နှက်ကိုင် တပ်ဖွဲ့များ၏ ဓါတ်ပုံများသည် ဖေ့စဘွတ်ပေါ်ရှိ တိုင်းရင်းသားတို့၏ စာမျက်နှာများမှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ ကျန်းမာချမ်းသာကြပါစေ။   ။

Thursday, May 15, 2014

မြန်မာ့တပ်မတော် အပေါ့စားတိုက်ပွဲဝင်တင့်နှင့် သံချပ်ကာတိုက်ယာဉ်များ

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး မကြာမှီ ၁၉၅၀ခုနှစ်တွင် ဖွဲ့စည်းခဲ့သော တပ်မတော်သံချပ်ကာတပ်ဖွဲ့သည် နိုင်ငံတော်၍ အချုပ်အချာအာဏာကို ကာကွယ်ပေးခဲ့သည့် အဓိကကျသောတပ်ဖွဲ့တစ်ခုဖြစ်ပါသည်။ အဆိုပါကာလများက သံချပ်ကာတပ်ဖွဲ့တွင် လုံလောက်သော တိုက်ယာဉ်များ ပိုင်ဆိုင်နိုင်ခြင်းမရှိခဲ့ပဲ ဒုတိယကမ္ဘာစစ်လက်ကျန် တင့်များ၊သံချပ်ကာယာဉ်များကိုသာ အဓိကထားကာ ဖွဲ့စည်းခဲ့ရခြင်းဖြစ်သည်။

လေ့လာသူများအဆိုအရ မြန်မာနိုင်ငံ၏ မြေပြင်အနေအထားသည့် ပင်မတိုက်ပွဲဝင်တင့်များ၏ စစ်လှုပ်ရှားကစားနိုင်မှုထက် အပေါ့စားတင့်များ၊ခြေလျင်တင်တိုက်ယာဉ်များနှင့် သံချပ်ကာယာဉ်များအတွက် ပိုမို၍သင့်တော်သည်ဟု သိရပါသည်။ ထို့ကြောင့်လည်း တပ်မတော်သည် ပင်မတိုက်ပွဲဝင်တင့်များအပြင် အပေါ့စားတင့်စွမ်းရည်ရှိသည့် တိုက်ယာဉ်များအား ဖြည့်ဆည်းခဲ့ကြသည်။ ၁၉၉၀ခုနှစ်နှောင်းပိုင်းမှာစတင်၍ သိသိသာသာ တိုးချဲ့ခဲ့သည်ကိုတွေ့ရပီး ထိုအချိန်မတိုင်မှီက တပ်မတော်တွင် စွမ်းဆောင်ရည်ပြည့်ဝသော တိုက်ယာဉ်များရှားပါးခဲ့ကာ လူသယ်သံချပ်ကာယာဉ်များ၊ခြေလျင်တင်တိုက်ယာဉ်များကို မိမိတို့ပြည်တွင်းမှပင် ထုတ်လုပ်ခဲ့ကြပါသည်။

တပ်မတော်၏ သံချပ်ကာနှင့်တင့်တပ်ရင်းများ တိုးချဲ့နိုင်ခဲ့သည် ၁၉၉၅ခုနှစ်များတွင်တော့ တပ်မတော်သည် ဒေသတွင်းအိမ်နီးချင်းနိုင်ငံများအကြားတွင် စစ်ဆင်ရေးစွမ်းရည်ပြည့်ဝသော သံချပ်ကာနှင့် တင့်တပ်ရင်းများကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့သို့သော စွမ်းဆောင်ရည်မြှင့်သည့် တိုက်ယာဉ်များကို တရုပ်နိုင်ငံ၊ရုရှားနိုင်ငံနှင့် ပြင်သစ်ထုတ်ယာဉ်များ၊ဘရာဇီး စသည့် ပြည်ပနိုင်ငံများမှ ဝယ်ယူခဲ့ရပါသည်။ အပေါ့စားတင့်နှင့် သံချပ်ကာယာဉ်များကို အလေးပေးဖော်ပြပေးသွားမည်ဖြစ်ပြီး ပုံစံ-၆၉ အပေါ့စားတင် Type-69-II LBT နှင့် အီးအီး-၉ EE-9 Cascavel တိုက်ယာဉ်များအကြောင်း ဖော်ပြပေးသွားပါမည်။

ပုံစံ-၆၉-II အပေါ့စားတိုက်ပွဲဝင်တင့်များကို တရုပ်နိုင်ငံမှာ လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ တင့်၏ အားသာချက်များအဖြစ် တန်ချိန် ၃၆.၈တန်ခန့်သာရှိခြင်း တင့်အမြောက်အား ၁၀၀မမအမြောက်တပ်ဆင်ထားခြင်း FCS စနစ်အသစ်အား တပ်ဆင်ထားခြင်း စသည်ဖြင့် အကြမ်းဖျင်းသတ်မှတ်ထားကြပါသည်။ ပုံစံ-၆၉ တင့်များအနေဖြင့် တပ်မတော်၏ အားထားရသော အပေါ့စားတိုက်ပွဲဝင်တင့်များဖြစ်ပြီး ယခုအချိန်တွင်မှု လေ့ကျင့်ရေးတင့်နှင့် အရန်တင့်များအဖြစ်သာ အသုံးပြုလျက်ရှိပါသည်။

ပုံစံ-၆၉ အပေါ့စားတင့်၏ အချက်လက်အချို့-

တိုက်ယာဉ်အဖွဲ့................ ၄ယောက်
ပင်မလက်နက်စနစ်........... ၁၀၀မမအမြောက်
ဒုတိယလက်နက်စနစ်........ ၂×၇.၆၂ စက်လတ်နှင့် ၁၂.၇မမ လေယာဉ်ပစ် စက်သေနတ်
တင့်ကျည်အမျိုးစားများ........ HEAT, HE, APDS နှင့် APFSDS 
အခြားစနစ်...................... မီးခိုးဗုံးကာစနစ်၊ ညတိုက်ပွဲဝင်စနစ်သစ်
အင်ဂျင်.......................... မြင်းကောင်ရေ ၅၈၀အားရှိသည့် ဒီဇယ်အင်ဂျင်
စစ်ဆင်နိုင်မှုအကွာအဝေး... ၄၄၀ကီလိုမီတာ
မြန်နှုန်း (ကီလိုမီတာ)........ ၁နာရီ ၅၀ကီလိုမီတာနှုန်း ဖြင့်မောင်းနှင်စစ်ဆင်နိုင်ခြင်း စသည်တို့ဖြစ်သည်။

အတည်မပြုနိုင်သော သတင်းများအရ မြန်မာ-ယိုးဒယား နယ်စပ်တိုက်ပွဲများဖြစ်ခဲ့သည့် ၂၀၀၁ခုနှစ်အတွင်းတွင် တပ်မတော်၏ ပုံစံ-၆၉-II တင့်များအနေဖြင့် ယိုးဒယား၏ အမ်၆၀အေ၁တင့်များအား ရင်ဆိုင်ရန် နယ်စပ်ဒေသများတွင် အသင့်ရှိခဲ့သည်ဟု သိရပါသည်။ အဆိုပါ နယ်စပ်တိုက်ပွဲများနှောင်းပိုင်းတွင် ယိုးဒယားစစ်တပ်မှလည်း ပုံစံ-၆၉တင့်များအား တရုပ်စစ်တပ်မှ ဝယ်ယူခဲ့ပြီး မြန်မာ့တပ်မတော်အား အမျိုးစားတူ တင့်များဖြင့် ရင်ဆိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့်စစ်တပ်တွင်လည်း ပုံစံ-၆၉တင့်များအား ပင်မတိုက်ပွဲဝင်တင့်အဖြစ် သတ်မှတ်ကာ ယခုတိုင် အသုံးပြုလျက်ရှိပါသည်။

ပုံစံ-၆၉-IIတင့်များနှင့် EE9 တိုက်ယာဉ်တို့ သံချပ်ကာဆိုင်ရာ လေ့ကျင့်ခန်းများ ဆောင်ရွှက်နေကြစဉ်


 EE9 Cascavel ဟု လူသိများသည့် သံချပ်ကာတိုက်ယာဉ်များကို ဘရာဇီးနိုင်ငံမှ ထုတ်လုပ်ခဲ့ပြီး ၆×၆ဘီးမောင်းစနစ်ဖြစ်ကာ တိုက်ယာဉ်အဖွဲ့သား ၃ယောက်ဖြင့် ဖွဲ့စည်းထားပါသည်။ မူလထုတ်လုပ်သည့် တိုက်ယာဉ်များတွင် ၃၇မမစက်အမြောက်တပ်ဆင်ထားသော်လည်း ပြည်ပတင်ပို့သည့် တိုက်ယာဉ်အမျိုးစားတွင်မှု ပြင်သစ်တပ်မတော်သုံး AML-90 သံချပ်ကာယာဉ်များတွင် တပ်ဆင်ထားသည့် ၃၆၀ဒီဂရီလှည့်ပတ် ပစ်ခတ်နိုင်သော ၉၀မမအမြောက်ပြောင်းအား တပ်ဆင်ပေးထားပါသည်။

တပ်မတော်၏ EE9 တိုက်ယာဉ်များအနေဖြင့် ဝန်ပေါ့ပါးခြင်း၊ ၉၀မမအမြောက်ပြောင်းအား တပ်ဆင်ထားခြင်းစသည့် အားသာချက်များအပြင် အဆင့်မြှင့်တင်ထားသော အမျိုးစားများဖြစ်ရာ အားထားရသော တိုက်ယာဉ်တစ်မျိုးအဖြစ် ယခုထိတာဝန်ထမ်းဆောင်လျှက်ရှိပါသည်။

EE9 Cascavel တိုက်ယာဉ်၏ အချက်လက်အချို့-

တိုက်ယာဉ်အဖွဲ့................ ၃ယောက်
ပင်မလက်နက်စနစ်........... ၉၀မမအမြောက် (၄၄တောင့်)
ဒုတိယလက်နက်စနစ်........ ၂×၇.၆၂ စက်လတ်နှင့် ၁၂.၇မမ လေယာဉ်ပစ် စက်သေနတ်
အခြားစနစ်...................... ၂×၃ မီးခိုးဗုံးကာစနစ်
အင်ဂျင်.......................... မြင်းကောင်ရေ ၂၁၂အားရှိသည့် ဒီဇယ်အင်ဂျင်
စစ်ဆင်နိုင်မှုအကွာအဝေး... ၈၈၀ကီလိုမီတာ
မြန်နှုန်း (ကီလိုမီတာ)........ ၁နာရီ ၁၀၀ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ပါသည်။


တပ်မတော်သံချပ်ကာတပ်ဖွဲ့အနေဖြင့် လေ့ကျင့်ရေးသည် စစ်ဆင်ရေးဆိုသကဲ့သို့ပင် သံချပ်ကာတပ်ဖွဲ့ဆိုင်ရာ လေ့ကျင့်ခန်းများအမြဲမပြတ်ဆောင်ရွှက်လျှက်ရှိပါသည်။ခေတ်မီ ပင်မတိုက်ပွဲဝင်တင့်များ၊ သံချပ်ကာတိုက်ယာဉ်များနှင့်  စွမ်းဆောင်ရည်ပြည့်ဝသော တပ်ဖွဲ့ဝင်များပိုင်ဆိုင်ထားသော မြန်မာ့တပ်မတော်ကြီးသည် ဒေသတွင်းတပ်မတော်များ၏ တင့်နှင့်သံချပ်ကာတပ်ဖွဲ့များအကြားတွင် လေးစားစံထားရသော တပ်ဖွဲ့ကြီးအဖြစ် ရပ်တည်လျှက်ရှိနေပါတော့သည်...။ 

တပ်မတော်၏ သံချပ်ကာတိုက်ယာဉ်များအနက် မိမိလေ့လာမိသည့် တိုက်ယာဉ်များအကြောင်းအား ဆက်လက်ဖော်ပြပေးသွားပါဦးမည်။ အချက်လက်အမှားများရှိပါက ကျွန်တော့်၏ လေ့လာမှုအားနည်းချက်များသာလျင်ဖြစ်ပြီး ဝေဖန်ထောက်ပြပေးနိုင်ပါသည်ခင်ဗျာ...။ :)

Wednesday, May 7, 2014

လေတပ်အကြောင်း သတိထားမိတာလေးများ

ကျွှန်တော်လည်း ပိုစ့်မတင်ဖြစ်တာကြာသွားပါပြီး၊ ဒီနေ့တော့ အချိန်လည်းရတာမို့ စစ်တပ်ရဲ့ သတင်းထူးလေးတွေအပေါ် ကျွှန်တော့်အမြင်သက်သက်ဖြင့် ဖော်ပြပေးသွားပါ့မယ်...။

CN-235-220 MPA (ပင်လယ်ပြင် ကင်းလှည့်စောင့်ကြည့်ရေး လေယာဉ်)

ပထမအချက်ကတော့ အားလုံးလည်း စိတ်ဝင်စားနေကြတဲ့ လေတပ်သတင်းပါ။ လေတပ်အတွက် တိုက်လေယာဉ် အသစ်တစ်မျိုး ပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းမှုဆိုရင်လည်း မမှားနိုင်ပါဘူး။ ကာကွယ်ရေးဦးစီးချူပ်ရဲ့ ရုရှားခရီးစဉ်တုန်းက အားလုံးမြင်တွေ့လိုက်ရတဲ့ MiG-29M/M2 နှင့် MiG-35 တိုက်လေယာဉ်များ သွားရောက်ကြည့်ရှု့မှုသတင်းများမှအစ လေတပ်ရဲ့ လက်ရှိ MiG-29B တိုက်လေယာဉ်များကို MiG-29SMT အဆင့်မြှင့်တင်လိုမှုများ နှင့် အခုနောက်ဆုံး လူပြောများတဲ့ JF-17 ဘက်စုံသုံးတိုက်လေယာဉ်များအကြောင်းကတော့ လူပြောအများဆုံးဖြစ်နေပါတယ်...။ ဒီယူဆချက်များ ဘယ်လောက်အထိ မှန်နိုင်ပြီး ဘယ်လောက်ထိအကောင်အထည် ပေါ်လာနိုင်မလည်းဆိုတာကတော့
 တွေးစရာအချက်အဖြစ် ရှိနေဆဲပါ။

စိတ်ဝင်စားတဲ့ ညီ၊အစ်ကိုများအတွက် သတင်းကောင်းတစ်ခုကတော့ လေတပ်ဦးစီးချုပ်ရဲ့ တရုပ်ပြည်ခရီးစဉ်ပဲဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဘာတွေဖြစ်လာနိုင်မယ်ဆိုတာ မသိရသေးပင်မယ့်လို့ ထူးထူးခြားခြားသတင်းတွေပါလာဖို့ အားလုံးမျှော်လင့်နေကြသလို လေတပ်ရဲ့ သက်တမ်းရင့် F-7M တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မှုပြုလုပ်ဖို့ သဘောတူညီမျှ ရကောင်းရနိုင်တယ်လို့ သိရပါတယ်။ တစ်ချိန်က လေတပ်ရဲ့ ပင်မကျောရိုးဖြစ်ခဲ့တဲ့ F-7M တိုက်လေယာဉ်များကို အစ္စရေးမှ အကူညီယူကာ အဆင့်မြှင့်တင်မှုပြုလုပ်ခဲ့ကြဖူးပါတယ်။ F-7M တိုက်လေယာဉ်များကို တပ်မတော်(လေ)မှ အစီးရေ (၆၀)ကျော် အထိပိုင်ဆိုင်ထားခဲ့ဖူးပါတယ်...။ F-7 တိုက်လေယာဉ်များကို တရုပ်နိုင်ငံမှ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ရုရှားရဲ့ ကမ္ဘာကျော် MiG-21 တိုက်လေယာဉ်များကို ပုံတူယူကာ ထုတ်လုပ်ထားခြင်းဖြစ်ပီး မူလ MiG-21 တိုက်လေယာဉ်များထက်ပင် စွမ်းဆောင်ရည်မြှင့်တဲ့ F-7 မျိုးကွဲများရှိပါတယ်။ လတ်တလောသတင်းများအရ ပါကစ္စတန်လေတပ်ရဲ့ F-7PG များဟာ F-7 မျိုးကွဲများအနက် အဆင့်မြှင့်ဆုံးလို့ သိရပီး လေတပ်ရဲ့ F-7M တိုက်လေယာဉ်များကို အမှန်တကယ် အဆင့်မြှင့်တင်ဖြစ်မယ်ဆိုရင် ဘယ်လိုနည်းပညာမျိုးပါလာမလား ဆိုတာကတော့ အထူးစိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါ။

JF-17 ဘက်စုံသုံးတိုက်လေယာဉ်

နောက်တစ်ချက်ကတော့ သတင်းကြီးနေတဲ့ JF-17 ဘက်စုံသုံးတိုက်လေယာဉ်များအကြောင်းပါ။ JF-17  တိုက်လေယာဉ်ကို တရုပ်နှင့်ပါကစ္စတန် ပူးပေါင်းထုတ်လုပ်နေတာဖြစ်ပီးတော့ အဆင့်မြှင့်တင်မှု၊ စမ်းသပ်မှု အမျိုးမျိုး လုပ်ဆောင်နေရဆဲ တိုက်လေယာဉ်တစ်မျိုးဖြစ်ပါတယ်...။ ဒီတော့ ဒီလေယာဉ်ရဲ့ စွမ်းဆောင်ရည်ကို မိမိတို့အနေနှင့် အတိအကျပြောလို့မရသေးပါဘူး။ တရုပ်ကိုယ်တိုင်တောင် သူ့လေတပ်မှ မသုံးပဲ J-10A/ J-10B ပြည်တွင်းထုတ်နှင့် J-11 စသည့် တိုက်လေယာဉ်များကို အဓိကထားနေတာကို သတိထားမိပါတယ်။ သို့သော် မိမိတို့လေတပ်ရဲ့ ဘတ်ဂျက်အရ ဝယ်ယူဖြည့်တင်းရမှာမို့ ကန်ဒေါ်လာ သန်း ၁၅-၂၀ ဝန်းကျင် တိုက်လေယာဉ်များကိုသာ မျှော်မှန်းနိုင်သေးတာကိုတော့ လက်ခံထားရပါမယ်..။

 ဒီထက် ပိုသင့်တော်တဲ့ MiG-35 တိုက်လေယာဉ်များဆိုရင်တော့ စွမ်းဆောင်ရည် အရမ်းကွာသွားပြီး ဈေးနှုန်းလည်း သိသိသာသာ မြှင့်နေပါတယ်။ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များအနေနှင့်လည်း အထိုပါအချက်များကို သေချာသိထားပီးသားဖြစ်မှာမို့ မိမိတို့နိုင်ငံအတွက် အသင့်တော်ဆုံးသော တိုက်လေယာဉ်မျိုးဆက်သစ်တစ်မျိုး မကြာတော့သော ကာလမှ ပိုင်ဆိုင်လာတော့မယ်ဆိုတာ သေချာနေပြီ ဖြစ်ပါတယ်...။

တပ်မတော်(လေ)ရှိ BN-2 Islander MPA
 
 လေတပ်အတွက် နောက်ထပ်သတင်းထူးတစ်ခုကတော့ ပင်လယ်ပြင်စိုးမိုးရေးဆိုင်ရာ ကင်းလှည့်ရေးလေယာဉ်တစ်မျိုးအကြောင်းပဲဖြစ်ပါတယ်...။ မိမိတို့လေတပ်မှာ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ပင်လယ်ပြင် ကင်းလှည့်ရေးလေယာဉ်များထက် စွမ်းဆောင်ရည် ပိုမိုမြှင့်မားတဲ့ လေယာဉ်အမျိုးစားတစ်မျိုး လိုအပ်နေပါပြီ။ ဒီအချက်ကို ပိုမိုသေချာသွားစေတာကတော့ ကာကွယ်ရေးဦးစီးချူပ်ရဲ့ အင်ဒိုနီးရှားခရီးစဉ်အတွင်းက CN-235 အမျိုးစား လေယာဉ်များထုတ်လုပ်ရေးစက်ရုံကို လေ့လာကြည့်ခဲ့ကြောင့်ဖြစ်ပါတယ်။ စပိန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပူးတွဲထုတ်လုပ်နေတဲ့ အဆိုပါလေယာဉ်များဟာ လေတပ်ရဲ့ BN-2 Islander များကို အားဖြည့်ပေးနိုင်မယ့် အမျိုးစားလည်း ဖြစ်ပါတယ်...။ ကျယ်ပြောလှတဲ့ မြန်မာ့ရေပြင်ပိုင်နက်ကို အပြည့်အဝကာကွယ်ပေးဖို့အတွက် အမှန်တကယ်လိုအပ်နေပါတယ်...။



 CN-235-220 MPA လေယာဉ်များအား ဆက်လက်လေ့လာလိုပါက- Click နှိပ်ပါ
ကာကွယ်ရေးဦးစီးချူပ်၏ အင်ဒိုနီးရှားခရီးစဉ်- Click နှိပ်ပါ

သတိထားမိတာလေးတွေပါ ဆက်လက်ဖော်ပြပေးပါဦးမည်... :)

Friday, May 2, 2014

JF-17 Thunder Multi-role Fighter (ပထမပိုင်း)

(Myanmar Military Facebook Page တွင် ဖော်ပြထားချက်အား ပြန်လှည် ကူးယူးဖော်ပြပေးထားခြင်း ဖြစ်ပါသည်။ အနာဂါတ် တပ်မတော်(လေ)အတွက် မျှော်လင့်နိုင်သည့် တိုက်လေယာဉ်အမျိုးစားဖြစ်ပါသည်။)
 အပိုင်း (၁)
----------------
JF-17 သမိုင်းကြောင်းနှင့် အခြေခံအချက်အလက်များ
------------------------------------------------------

JF-17 (သို့) FC-1 ဟာ တရုတ် ချန်ဒူးကုမ္ပဏီနှင့် အမေရိကန် ဂရွမ်းမန်း ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည်ဖော်ခဲ့သည့် တရုတ် J-7 (MIG-21) / ပြည်ပတင်ပို့အမည် F-7 အား အဆင့်မြှင့်တင်မည့် Super-7 အစီအစဉ်မှ အစပြုခဲ့ပါတယ်။ အဆိုပါအစီအစဉ်တွင်

- J-7 ၏ အင်ဂျင်လေဝင်ပေါက်ကို လေယာဉ်ဦးမှ လေယာဉ်၏ဘေးသို့ ပို့ကာ လေယာဉ်ဦးအား ရေဒါအကြီးစားတပ်ဆင်နိုင်ရန် အလုံပိတ်ပြုလုပ်ပေးခြင်း၊

- လေယာဉ်၏ အင်ဂျင်နှင့် ပျံသန်းရေးကိရိယာများအား အနောက်နိုင်ငံလုပ်ပစ္စည်းများဖြင့် အစားထိုးပေးခြင်း

စသည့် အဆင့်မြှင့်တင်မှုများ ပါဝင်မှာဖြစ်ပါတယ်။

၁၉၈၆-ခုနှစ်မှာ အဲဒီအစီအစဉ်အတွက် အမေရိကန်နှင့် တရုတ်တို့စာချုပ်ချုပ်ဆိုခဲ့ကြသော်လည်း၊ ၁၉၉၀-ခုနှစ်မှာတော့ အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုကြောင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် အဆိုပါအစီအစဉ်လည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။

၁၉၉၉-ခုနှစ်မှာတော့ ချန်ဒူးကုမ္ပဏီဟာ Super-7 Project ကို FC-1 အဖြစ်၎င်းတစ်ဦးတည်း ဆက်လက်လုပ်ဆောင်ခဲ့ပြီး၊ ၎င်းနှစ်မှာပင် တရုတ်နဲ့ ပါကစ္စတန်တို့ဟာ တစ်ဘက်ကို ၅၀% နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြပါတယ်။ ရုရှား မီကိုယန်ကုမ္ပဏီကလည်း ထောက်ပံ့မှုအချို့ ပြုလုပ်ပေးခဲ့ပါတယ်။

ပထမဆုံး ရှေ့ပြေးပုံစံဖြစ်တဲ့ FC-1 ဟာ ၂၀၀၃-ခုနှစ်မေလမှာ ပွဲထွက်လာခဲ့ပါတယ်။ ၂၀၀၅-ခုနှစ်အထိ စမ်းသပ်မှုအကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးစမ်းသပ်ပုံစံ ၃-စီးထုတ်လုပ်ခဲ့ကာ ၂၀၀၆-ခုနှစ် ဇွန်လမှာတော့ ထုတ်လုပ်ရေးကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ စတင်ထုတ်လုပ်ချိန် (၂၀၀၉)ခုနှစ်တွင် တစ်နှစ်လျှင် (၁၅)စီးနှုန်းဖြင့် ထုတ်လုပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် တစ်နှစ်လျှင် (၃၀)စီးနှုန်းထုတ်လုပ်နိုင်ရန် ကြိုးစားလျှက်ရှိပါတယ်။ ပါကစ္စတန်လေယာဉ်ထုတ်လုပ်ရေးစက်ရုံ (PAC) က လေယာဉ်ကိုယ်ထည်၏ ၅၈% ကိုထုတ်လုပ်ပေးလျှက်ရှိပြီး၊ လေယာဉ်အင်ဂျင်ကိုတော့ တရုတ်ပြည်မှ ပြုလုပ်တပ်ဆင်ပေးပါတယ်။

၂၀၀၇-ခုနှစ်၊ မတ်လတွင် ပထမဆုံး JF-17 (၂)စီးကို ပါကစ္စတန်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး၊ ၂၀၀၈-ခုနှစ်တွင် နောက်ထပ် (၆)စီး ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။ မူလထုတ်လုပ်သည့် (၅၀)စီးကို Block-I အဖြစ်သတ်မှတ်ပြီး၊ ဒုတိယအသုတ်ဖြစ်သည့် အစီး (၅၀) ကိုမူ အနည်းငယ်အဆင့်မြှင့်တင်ခဲ့ပြီး Block-II အဖြစ်ဆက်လက်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ပါကစ္စတန်လေတပ်အနေဖြင့် စုစုပေါင်း (၂၅၀)စီး မှာယူထားပြီး၊ ၂၀၁၂-ခုနှစ်အထိ ပထမအသုတ် Block-I အစီး (၅၀) လက်ခံရရှိပြီး ဖြစ်ပါတယ်။ နောက်ထပ်ထုတ်လုပ်မည့် Block-II အစီး (၅၀)ကို ၂၀၁၃-ခုနှစ်အတွင်း စတင်ထုတ်လုပ်ပြီး၊ ၂၀၁၄-ခုနှစ် မေလ နှင့် ဇွန်လအတွင်း စတင်လက်ခံရရှိမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ၂၀၁၆-ခုနှစ်တွင်တော့ Block-III ကို စတင်ထုတ်လုပ်မယ်လို့ ဆိုပါတယ်။


FC-1/JF-17 ကို ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ အီဂျစ်နှင့် နိုက်ဂျီးရီးယား နိုင်ငံတို့မှ ၎င်းတို့၏ F-5, Dassault Mirage III-5, Shenyang J-6, MIG-21/F-7, Nanchang Q-5 / A-5 များနေရာတွင် အစားထိုးရန်အတွက် ဝယ်ယူရန် စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရပါတယ်။
 
ရေဒါ
-----
တရုတ်နိုင်ငံထုတ် KLJ-7E M-PESA ရေဒါကိုတပ်ဆင်ထားပြီး 3m2 အရွယ်ရှိ ပစ်မှတ်ကို ၇၅-ကီလိုမီတာထိလည်းကောင်း၊ 5m2 အရွယ်ရှိ ပစ်မှတ်ကို ၈၅-ကီလိုမီတာထိလည်းကောင်း ထောက်လှမ်းရှာဖွေနိုင်သည်။ ပစ်မှတ် (၄၀)ကို ထောက်လှမ်းနိုင်ပြီး၊ ၎င်းတို့ထဲမှာ (၁၀)ခုကို ခြေရာခံကာ၊ ပစ်မှတ် (၂)ခုကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်ပါတယ်။
 
လေယာဉ်မောင်ခန်းနှင့် ပျံသန်းရေးစနစ်များ (Cockpit & Avionic)
---------------------------------------------------------------
 

JF-17 တွင် (MIL-STD-1553B) Multi-Bus System ကိုအခြေခံထားသည့် mission computer (၂)လုံး ပါဝင်ပြီး၊ စနစ်၏အဓိကအပိုင်းဖြစ်သည့် 32-bit Weapon & Mission management Computer (WMMC) ဟာ mission computations, flight management, reconfiguration / redundancy management and in-flight system self-test စသည့် လုပ်ဆောင်ချက်များကို လျှင်မြန်စွာလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

လမ်းညွှန်စနစ်များ (Navigation) -- INS နှင့် GPS လမ်းညွှန်စနစ်များ [Hybrid inertial navigation system (INS) and global positioning system (GPS)]
ဆက်သွယ်ရေးစနစ် (Communications) -- အီလက်ထရွန်နစ်တန်ပြန်နှောက်ယှက်မှုကို ခံနိုင်ရည်ရှိသည့် Data-Link Channel (၂)ခု ပါဝင်ပါတယ် [Independent data link with two Independent wide-band radios with anti-jamming capabilities]
အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များ (Electronic warfare (EW)) -- Self production jammer, missile approach
warning system, radar warning receiver (RWR), chaff & flare dispenser
ရန်သူမိတ်ဆွေခွဲခြားစနစ် (Identification of Friend and foe (IFF)) -- မြင်ကွင်းလွန်အခြေအနေတွင်ပင် ရန်သူမိတ်ဆွေခွဲခြာနိုင်သည့်စနစ် (IFF interrogator for target verification at the BVR range)
‘Glass’ cockpit -- (၆" x ၈") Multifunction Colour Displays (MFD) (၃)ခု နှင့်
built-in symbol generation capability ပါဝင်သည့် smart Heads-Up Display (HUD) တပ်ဆင်ထားပါပြီး HOTAS စနစ်လည်း ပါဝင်ပါတယ်။
ပစ်မှတ်လမ်းညွှန်စနစ် (Targeting System) -- Laser Designator and Targeting Pod (LDTP) ကိုချိတ်ဆွဲ၍ နေ့/ည ရာသီမရွေးတိုက်ပွဲဝင်နိုင်ပါတယ်။

လက်နက်တပ်ဆင်နိုင်မှု
-----------------------
လေယာဉ်တွင် လက်နက်ပစ်စင်များအဖြစ် ကိုယ်ထည်အောက်တွင် (၁)နေရာ၊ တောင်ပံနှစ်ဖက်အောက်တွင် (၂)ခုစီ (၄)နေရာ နှင့် တောင်ပံထိပ်နှစ်ဘက်တွင် (၁)ခုစီ (၂)နေရာ၊ စုစုပေါင်း လက်နက်ပစ်စင် (၇)နေရာ ရှိပြီး၊ လက်နက်အလေးချိန် (၃၇၀၀)ကီလိုဂရမ် ထိသယ်ဆောင်နိုင်စွမ်းရှိပါတယ်။ GSh-23 ၂၃-မမ ပြောင်းနှစ်လက်တွဲစက်အမြောက်တစ်လက်တပ်ဆင်ထားပြီး၊ GSh-30 ၃၀-မမ ပြောင်းနှစ်လက်တွဲစက်အမြောက်ကိုလည်း ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။

JF-17 တွင် တရုတ်နိုင်ငံထုတ် PL-12/SD-10 Active Radar Homing တာလတ်မြင်ကွင်းလွန်ဝေဟင်ပစ်ဒုံးပျံ (၄)လုံးထိတပ်ဆင်ပစ်ခတ်နိုင်ပါတယ်။ တောင်ပံနှစ်ဖက်ထိပ်နဲ့ တောင်ပံအောက်အစွန်(၂)နေရာတွင် တာတိုဝေဟင်ပစ်ဒုံးပျံ (၆)လုံးထိ သယ်ဆောင်နိုင်ပါတယ်။ တာတိုဝေဟင်ပစ်ဒုံးပျံများအဖြစ် AIM-9P, PL-5, PL-7, PL-8, PL-9 တို့ကိုတပ်ဆင်နိုင်စွမ်းရှိပါတယ်။

မြေပြင်တိုက်ခိုက်ရေးအတွက် လေဆာပဲ့ထိန်းဗုံးများကို သယ်ဆောင်ကြဲချနိုင်ပြီး၊ C-802 သင်္ဘောဖျက်ဒုံးပျံ (၃) လုံးကိုလည်း သယ်ဆောင်ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ သမားရိုးကျဗုံးများနှင့် ဒုံးပစ်လောင်ချာများလည်း သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။

အင်ဂျင်
--------
င်္FC-1/JF-17 တွင် ရုရှားထုတ် MIG-29 တွင်အသုံးပြုလျှက်ရှိသည့် RD-33 အင်ဂျင်မှ ဆင်းသက်လာသည့် Kilmov RD-93 တာဘိုဖန်အင်ဂျင်တစ်လုံး တပ်ဆင်ထားပါတယ်။ နောက်ပိုင်းတွင် RD-93 ကိုအခြေခံတည်ဆောက်ထားသည့် တရုတ်ထုတ် WS-13 အင်ဂျင်ဖြင့် အစားထိုး တပ်ဆင်မယ်လို့ သိရှိရပါတယ်။

 
 JF-17 Block-II
---------------
JF-17 Block-II တွင် datalink communication ပါဝင်လာပြီး၊ မြေပြင်ထိန်းချုပ်စခန်းများ၊ ဝေဟင်ကြိုတင်သတိပေးလေယာဉ်များနှင့် အခြားအမျိုးအစားတူ datalink တပ်ဆင်ထားသည့် လေယာဉ်များနှင့် ချိတ်ဆက်ကာ သတင်းအချက်အလက် ဖလှယ်နိုင်သည့်အတွက် situation awareness ကိုပိုမိုကောင်းမွန်စေပါတယ်။ ထို့ပြင် စွမ်းဆောင်ရည်မြင့် AESA ရေဒါ၊ ဝေဟင်ဆီဖြည့်စနစ်နှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးကိရိယာများ ထပ်မံဖြည့်စွက် ထည့်သွင်းမယ်လို့ သိရှိရပါတယ်။

မူလလေယာဉ်၏ ဦးခေါင်းမှာ AESA ရေဒါအား ထည့်သွင်းရန် နေရာမလုံလောက်သည့်အတွက် လေယာဉ်ဦးခေါင်းကို ပုံစံပြောင်းခြင်း၊ ရေဒါဖြတ်ပိုင်းပုံရိပ် လျော့ချနိုင်ရန် Airframe အားပုံစံပြောင်းခြင်းတို့ကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ရေဒါလှိုင်းစုပ်ဆေး (Radar Absorbing Material) သုတ်လိမ်းခြင်း၊ ရေဒါပုံရိပ်ပြန်မှုနည်းပါသည့် Cockpit Glass ကိုတပ်ဆင်ခြင်းနှင့် လေယာဉ်ကိုယ်ထည်ကို ပေါင်းစပ်သတ္ထု (Composite Material) ဖြင့်တည်ဆောက်ခြင်းတို့ကိုလည်း ထပ်မံပြုလုပ်မှာ ဖြစ်ပါတယ်။

A-Darter Missile နှင့် HMS ကို ဘရာဇီး/တောင်အာဖရိကနိုင်ငံများနှင့် ညှိနှိုင်းလျှက်ရှိပြီး၊ တရုတ်နိုင်ငံထုတ် HMS ကိုလည်း တပ်ဆင်အသုံးပြုမယ်လို့ သိရှိရပါတယ်။ IRST ကိုလည်း တပ်ဆင်မှာဖြစ်ပါတယ်။

ပါကစ္စတန်လေတပ်မှ Air Chief Marshall Rao Qamar Suleiman က အမေရိကန်နှင့် ဥရောပတို့၏ တိုက်လေယာဉ်များကဲ့သို့ ရေဒါ၊ ဝေဟင်စီးချင်းထိုးစွမ်းရည်၊ မြင်ကွင်းလွန်တိုက်ပွဲဝင်စွမ်းရည်များ ပြည့်စုံပြီး အဆိုပါတိုက်လေယာဉ်များ၏ သုံးချိုးတစ်ချိုးမျှသော ဈေးနှုန်းဖြင့်ရရှိနိုင်တာ JF-17 ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အသေးစိတ်အချက်အလက်များ
-------------------------------
 

Block-I/Block-II
လေယာဉ်မှူး - (၁)ဦး
အလျား - ၁၄-မီတာ / ၁၄.၉-မီတာ
တောင်ပံအလျား - ၈.၅-မီတာ / ၉.၄-မီတာ
တောင်ပံဧရိယာ - ၂၄.၄ စတုရန်းမီတာ
အမြင့် - ၅.၁-မီတာ / ၄.၇-မီတာ
လေယာဉ်သက်သက်အလေးချိန် - ၆၄၁၁-ကီလိုဂရမ် / ၆၅၈၆-ကီလိုဂရမ်
ပုံမှန်ပျံတက်အလေးချိန် - ၉၁၀၀-ကီလိုဂရမ် (တောင်ပံနှစ်ဖက်ထိပ်ဒုံးများမပါ)
အများဆုံးပျံတက်နိုင်သည့် အလေးချိန် - ၁၂၇၀၀-ကီလိုဂရမ်
ကိုယ်တွင်းလောင်စာဆီ သယ်ဆောင်နိုင်မှု - ၂၃၀၀-ကီလိုဂရမ်
ဝေဟင်ဆီဖြည့်စနစ် - မပါဝင်
လက်နက်သယ်ဆောင်နိုင်မှု - ၃၇၀၀-ကီလိုဂရမ် / ၃၄၀၀-ကီလိုဂရမ်
အမြန်နှုန်း - အသံထက် (၁.၆)ဆ အမြန်နှုန်း
အမြင့်ဆုံး တက်ရောက်နိုင်သည့်အမြင့်ပေ - ၁၆၇၀၀-မီတာ / ၁၆၉၁၆-မီတာ
အဝေးဆုံးသွားရောက်နိုင်သည့် အကွာအဝေး - ၃၀၀၀-ကီလိုမီတာ / ၃၄၈၁-ကီလိုမီတာ
စစ်ဆင်နိုင်မှုအကွာအဝေး - ၁၃၅၀-ကီလိုမီတာ
လေထဲတွင် အကြာဆုံးနေနိုင်မှု - ၃.၅-နာရီ
G Limit - -3g ~ +8g
လက်နက်ပစ်လွှတ်စင် - ၇-ခု
Thrust - 0.79 / 0.95
ပျံတက်နှုန်း - 249 m/s
ပျံတက်နိုင်ရန် ပြေးလမ်းလိုအပ်ချက် - ၄၅၀-မီတာ
ဆင်းသက်နိုင်ရန် ပြေးလမ်းလိုအပ်ချက် - ၇၅၀-မီတာ
တန်ဖိုး - အမေရိကန်ဒေါ်လာ ၁၅ ~ ၂၀ သန်း / ၂၀ ~ ၂၅ သန်း


>>> အပိုင်း(၂) သုံးသပ်ချက်ကဏ္ဍကို မကြာမီတင်ဆက်ပေးမှာဖြစ်ပါတယ် <<<

#Ref
- http://www.pac.org.pk/jf-17
- http://pakmr.blogspot.com/2011/11/pakistani-jf-17-thunder-fighter-jet.html
- Sino Defense Webpage