Sunday, October 5, 2014

ရဟတ်ယာဉ်ကို ထောင်တဲ့မိုင်းများ


လူသတ်မိုင်းတွေ၊ တင့်ဖျက်မိုင်းတွေ အကြောင်းကို သိကြမှာပါ။ လမ်းကြောင်းပေါ် တည့်တည့်လာမှ ပေါက်ကွဲစေတဲ့ မိုင်းတွေတင်မဟုတ်ပဲ အကွာအဝေး တစ်ခုရှိမယ့် လမ်းဘေး တစ်နေရာ အဆောက်အဦးဒေါင့်ကွယ် တစ်နေရာကနေပြီး တင့်ကားရဲ့ တုန်ခါမှု၊ လေဆာအချက်ပြစနစ်ရဲ့ အသက်ဝင်မှုနဲ့ တင့်ကို ဖျက်ဆီးနိုင်မယ့် တင့်ဖျက်မိုင်းတွေအဆင့်မြင့်သလို ဟယ်လီကော်ပတာကို ထောင်မယ့် မိုင်းစနစ်တွေလဲ ပိုမိထိရောက် အသက်ဝင်လာပါတယ်။
မြေပြင်ကနေ ချီတက် လာမယ့် ရန်သူအတွက် မိုင်းအမျိုးမျိုးနဲ့ ဟန့်တားနိုင်ပြီး လေကြောင်းချီလာမယ့် လေထီးခုန် တပ်တွေ အတွက် လေယာဉ်ပစ် အမြောက်တွေဟာ ဟန့်တား နိုင်ပါတယ်။ 


ဒါပေမယ့် သည်၂ခုကြား လေယာဉ်ပစ်လက်နှက်တွေ ထိရောက်မှုနဲတဲ့ သစ်ပင်ထိပ်ဖျားတွေကနေ ပျံသန်းစစ်ချီလာမယ့် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းချီ တပ်တွေကိုတော့ ဟန့်တားရ ခက်ခဲလှပါတယ်။ ဒီအတွက် အဖြေဟာ ရဟတ်ယာဉ်ကို ထောင်မယ့် မိုင်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဗီယက်နမ် စစ်ပွဲ အတွင်းမှာ တင့်ကားဖျက် လေဆာထောက်လှမ်းရေး ကိရိယာပါတဲ့ မိုင်းတွေကို ရဟတ်ယာဉ် ချကွင်းတွေမှာ စမ်းသပ် အသုံးပြုရာ၊ ရှေ့ထွက်မိုင်းတွေကို ရဟတ်ယာဉ် ဆင်းနိုင်မယ့် နေရာတွေမှာ သစ်ပင်ခွကြားတွေကနေ စမ်းသပ်ကြရာကနေ ဖြစ်လာတယ်လို့ ဆိုနိုင်ပေမယ့် အဆင့်မြင့်နည်းပညာများနဲ့ ပေါင်းစပ်ထားတဲ့ ရဟတ်ယာဉ်ဖျက် မိုင်းတွေဟာ လုံးဝ ကွဲပြားခြားနားပါတယ်။
 
AHG-200
၂၀၀၀ပြည့်နှစ်များအလွန်မှာ ဘူဂေးရီးယားနဲ့ ရုရှားတို့က ထုတ်လုပ်ကာ လက်နှက်ပြပွဲတွေမှာ ပြသခဲ့ကြပါတယ်။ AHM အမျိုးအစား ရဟတ်ယာဉ်ထောင် မိုင်းတွေဟာ ဘူဂေးရီးယား ထုတ်ဖြစ်ပြီး AHG 200-1 နဲ့ AHG-200-2 တို့ဟာ နောက်ဆုံးပေါ်တွေ ဖြစ်ပါတယ်။ ၆၀ဒီဂရီထောင်မတ်ထားတဲ့ ၃ချောင်းဒါမှမဟုတ် ၄ချောင်းထောက်နဲ့ တပ်ဆင်ထားပြီး အပိုင်း၃ပိုင်း ပါရှိပါတယ်။ ပထမ တစ်ပိုင်းကတော့ အာရုံခံကိရိယာ ဖြစ်ပြီး မီတာ ၂၀၀၀ အတွင်းက ရဟတ်ယာဉ်ရဲ့ စက်သံကို ဖမ်းယူသိရှိပြီး မီတာ ၅၀၀ထိ နီးကပ်လာရင်တော့ စနစ်ကို အသက်ဝင်စေပါတယ်။ အဲသည်နောက်မှာတော့ အနီအောက်ရောင်ခြည် အကွာဝေး တိုင်းစနစ် အသက်ဝင်လာပြီး မီတာ ၂၀၀ အတွင်း ဝင်လာမယ့် ပစ်မှတ်ကို စောင့်ဆိုင်းနေမှာ ဖြစ်ပါတယ်။ မီတာ ၁၅၀-၁၀၀  အတွင်းမှာ ပထမ တစ်ဆင့် ၁၇ကီလိုကရမ် ရှိတဲ့ TNT ယမ်းပြင်းအားကို အသုံးပြုတဲ့ သံဘောစေ့(၂၀၀၀ခန့်) တွေကို ရှေ့တူရှူ ၂၀ဒီကရီ အတွင်းကို ပစ်လွှတ်မှာဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ သူ့အောက်မှာ တပ်ဆင်ထားတဲ့ စပင်ဒါစများ ပါဝင်တဲ့ ၁၂ကီလိုဂရမ် TNT ပြင်းအားနဲ့ ရှေ့ထွက်မိုင်းပုံစံ မိုင်းကို ဖေါက်ခွဲကာ ရှေ့တူရှူ ၆၀ဒီကရီ အတွင်းကို ပစ်လွှတ်မှာဖြစ်ပါတယ်။ မီတာ ၁၀၀ အတွင်းမှာ သံချပ်ကာ အထူ ၁၀မီလီမီတာကို ကောင်းစွာ ဖေါက်ထွှင်းနိုင်မယ့် စတီးဘောလ်စေ့တွေ ဖြစ်ပြီး စပင်ဒါစတွေကတော့ ရဟတ်ယာဉ်ရဲ့ အင်ဂျင်နဲ့ ပန်ကာ ဒလက်တွေကို ဖျက်စီးဖို့ ဖြစ်ပါတယ်။ ကြိုးနဲ့ ဒါမှမဟုတ် ရေဒီယို စနစ်သုံး ကြီးကြပ် မိုင်းအနေနဲ့ ဖေါက်ခွဲနိုင်ပြီး လူနဲ့ မိုင်းထောင်ခဲ့ရင်တော့ ၃၀မီတာ ပတ်လည် (ရှေ့တူရှူ ၂၀၀မီတာ) ရဲ့ အပြင်ဘက်မှာ အကာကွယ်ယူဖို့ လိုအပ်ပါတယ်။ အလိုလျောက် စနစ်အသုံးပြုခဲ့ရင်တော့ ရဟတ်ယာဉ်သံဟာ မီတာ ၂၀၀၀နဲ့ အထက် ဝေးသွားရင် စနစ်ဟာ အလိုအလျောက် စောင့်ကြည့်အခြေအနေကို ပြန်လည် ရောက်ရှိသွားမှာဖြစ်ပါတယ်။
ဘထ္ထရီ အသုံးပြုရတဲ့ စနစ်ဖြစ်ပြီး ရက်၃၀နောက်ပိုင်းမှာ ဘထ္ထရီလဲလှယ်မှု မရှိရင် မိုင်းဟာ အသက်မဝင်တော့ပါဘူး။ AHG -200-2 ဟာ စတီးဘောလ်စေ့တွေကို အလွန်ပူတဲ့ အခြေအနေရအောင် သံချပ်ကာကို စားလောင်စေအောင် ဓါတုနည်းပညာသုံး ပြုပြင်ထားပြီး၊ ဘထ္ထရီကို ရက်ပေါင်း ၉၀ထိ အသုံးပြုနိုင်အောင် အဆင့်မြင့်ထားပါတယ်။ ကိုယ့်တပ်က အသုံးပြုတဲ့ ရဟတ်ယာဉ်တွေဆိုရင် အသက်အဝင်စေဖို့  ရေဒီယို စနစ်တစ်ခုကို ထည့်သွင်းထားတယ်လို့ ဆိုပေမယ့် မီတာ ၂၀၀ အတွင်းဖြတ်ပြီး ပျံသန်းရင် စိတ်ချရမှုဟာ ၅၀% သာရှိတယ်လို့ ဆိုပါတယ်။ သည်စနစ်တွေဟာ အသေတပ်ဆင်ရတဲ့ စနစ်ဖြစ်လို့ ရဟတ်ယာဉ်လာရာ လမ်း၊ ဖြတ်သန်းရာ တောင်ကြော၊ ဒါမှမဟုတ် ချကွင်းတွေမှာသာ အသုံးပြုနိုင်ပါတယ်။ သစ်တောတွေ လွင်ပြင်လို နေရာတွေမှာ အနားက ဖြတ်သွားပေမယ့် မိုင်းမျက်နှာမူရာ ၆၀ဒီဂရီအတွင်း မဟုတ်ခဲ့ရင် မပေါက်ကွဲပါဘူး။ ဒါကြောင့် လွင်ပြင် ဒေသတွေဆိုရင် အရပ်၎မျက်နှာ အတွက် မိုင်း ၄လုံး မီတာ ၅၀လောက်ခြားကာ ကျောပေး ထောင်လေ့ရှိပါတယ်။

ရုရှားလုပ် တင့်ဖျက်မိုင်းတွေဟာ ဟယ်လီကော်ပတာ မိုင်းအဖြစ် အသုံးပြုနိုင်ကြပါတယ်။ သို့သော်လည်း သူ့မှာပါတဲ့ လေဆာ ကိရိယာဟာ မီတာ ၁၀၀ထိသာ ထောက်လှမ်းနိုင်ပြီး မီတာ ၂၀ လောက်မှာသာ တင့်ဖျက် ကျည် ပစ်လွှတ်ပါတယ်။ ဒါ့ကြောင့် ရဟတ်ယာဉ် ချကွင်းလို နေရာမှာတော့ ရတဟ်ယာဉ်ကို ကောင်းကောင်း ဖျက်ဆီးနိုင်ပါတယ်။ သို့သော်လည်း။ တင့်ကား စစ်ကြောင်းနဲ့ အတူ ချီတက်လာမယ့် ရဟတ်ယာဉ်နဲ့ အနိမ့်ပျံ ဝင်လာမယ့် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အတွက် ရဟတ်ယာဉ်ဖျက် မိုင်းတွေကို ထုတ်လုပ်ပါတယ်။ ရုရှားလုပ် မိုင်းတွေဟာ ယာဉ်နဲ့ဖြစ်စေ၊ လူနဲ့ဖြစ်စေ ခင်းလို့ရတဲ့ မိုင်းတွေဖြစ်ပြီး ၃၆၀ဒီကရီ စောင့်ကြည့်နိုင်ပါတယ်။ 
ရုရှားလုပ် အပေါ့စား မိုင်း
ပင်လယ်ပြင်ကမ်းရိုးတမ်းတွေ၊ နယ်စပ်တွေ၊ တောင်ကြားမြို့နဲ့ စခန်းတွေ၊ ရန်သူကို ရဟတ်ယာဉ်ချကွင်း အနေနဲ့ အသုံးမပြုစေဖို့ ဒါမှမဟုတ် ရန်သူ့ လေယာဉ်ကွင်းကို နှောက်ယှက်ဖို့ အသုံးပြုပါတယ်။ လူနဲ့ဒါမှမဟုတ် မြေပြင်တပ်ဖွဲ့တွေနဲ့ ခင်းနိုင်တဲ့ မိုင်းစနစ်ဟာ အနီအောက်ရောင်ခြည် အာရုံခံ ကိရိယာ ၄ခုကနေ ၆ခုထိ ပါဝင်ပါတယ်။ ၃ကီလိုမီတာ ကျော်ကတည်းက လေယာဉ် အမျိုးအစားကို ခွဲနိုင်တဲ့ အသံလှိုင်း အာရုံခံ စနစ်ပါရှိပြီး ရဟတ်ယာဉ်ရဲ့ အသံကို အဓိကထားရွေးခြယ်ပါတယ်။ မိုင်းကွန်ယက်ကို ကြိုးဖြင့် ဒါမှမဟုတ် ရေဒီယိုနဲ့ ချိတ်ဆက်ပြီး အသက်သွင်း အမိန့်ပေးနိုင်ပါသေးတယ်။ မီတာ ၆၀၀ အတွင်း နီးကပ်လာရင်တော့ အနီးဆုံး ပစ်မှတ်တစ်ခုကို အနီအောက် ရောင်ခြည် ကိရိယာတွေက အကွာအဝေး ထောင့် ဒီကရီ တွက်ချက် ချိန်ရွယ်ပေးပြီး ၁၅၀မီတာ အတွင်းမှာတော့ မိုင်းမှာပါဝင်တဲ့ စပင်ဒါစတွေ (စားလောင်စေတဲ့ ဓါတုပစ္စည်းသုံး သံချွန်တွေ) ကို ပစ်လွှတ်လိုက်မှာ ဖြစ်ပါတယ်။
 
ရုရှားလုပ် ခြေလျင်တပ်ဖွဲ့သုံး မိုင်း

မီတာ ၁၀၀ အတွင်းမှာ သိပ်ကို မြန်တဲ့ အနိမ့်ပျံ တိုက်လေယာဉ်တွေကိုတောင် ထိမှန်နိုင်စေတယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်နဲ့ ဒါမှမဟုတ် မိုင်းခင်းယာဉ်နဲ့ လိုက်ခင်းရတဲ့ စနစ်မှာတော့ အနီအောက် ရောင်ခြည် တိုင်းတာရေး တစ်ခုသာ ပါရှိပြီး အသံလာရာရဲ့ အနီးဆုံး ပစ်မှတ်ရှိရာဘက်ကို အလိုလျောက်ချိန်ရွယ် ပြီးမှသာ အနီအောက်ရောင်ခြည် စနစ်က အသက်ဝင် ချိန်ရွယ်ပေးမှာ ဖြစ်ပါတယ်။ လူနဲ့ ခင်းတဲ့ စနစ်လို ရေဒီယို စနစ်နဲ့ အမိန့်ပေး စောင့်ကြည့် ပစ်ခတ်စေလို့ မရပါဘူး။ ဒါပေမယ့် မိုင်းခင်းပြီးပြီးချင်းမှာ အသက်မဝင်စေချင်ရင် ရေဒီိယို အမိန့်ပေး စနစ်နဲ့ အသက်ဝင်စေဖို့ ဆောင်ရွက်နိုင်ပါတယ်။ မိုင်းတွေမှာ ပါဝင်တဲ့ ဘထ္ထရီဟာ ရက်ပေါင်း ၉၀ကျော်ကြာ အသုံးပြုနိုင်ပါတယ်။ လျပ်စစ် ဓါတ်အားရနိုင်တဲ့ နေရာမှာ ချိတ်ဆက်ထားရင်တော့ ၂နှစ်လောက်ထိ အသက်ဝင်နေနိုင်ပါတယ်။ 
 
အပေါ့စား ရဟတ်ယာဉ်ဖျက် မိုင်း
နောက်တစ်ခုကတော့ ခုလို ရှုပ်ထွေးတဲ့ စနစ်တွေ တစ်ခုမှ မပါတဲ့ ရဟတ်ယာဉ် ဖျက်မိုင်းတစ်မျိုးဖြစ်ပါတယ်။ မီတာ ၁၅၀ထိ ရောက်ပေမယ့် မီတာ ၁၀၀အတွင်းသာ ထိရောက်ပါတယ်။ ၃၆၀ဒီကရီ မသက်ရောက်ပဲ အပေါ်တည့်တည့် ၆၀ဒီကရီအတွင်းသာ သက်ရောက်ပါတယ်။ အမြင့် မီတာ ၁၀၀ ဆိုရင် မီတာ ၅၀ထက် နဲတဲ့ ဧရိယာ အတွင်သာ သက်ရောက်ပါတယ်။ သစ်တောတွေနဲ့ တောင်ကြားချောင်းရိုးတွေ ချကွင်းနေရာတွေနဲ့ တောင်ထိပ် တောင်ကြောတွေပေါ်မှာ ထောင်လေ့ရှိပါတယ်။ အသံအာရုံခံ တစ်ခုဟာ မီတာ ၈၀၀ အတွင်းနီးလာတာနဲ့ မိုင်းကို အသက်ဝင်စေပြီး အပေါ်တည့်တည့် ရောက်တာနဲ့ သံချပ်ဖေါက် သံချွန်စတွေကို ပစ်လွှတ်မှာ ဖြစ်ပါတယ်။ ၁၂ခုပါဝင်ပြီး ထောင့်ချိုး တစ်ခုဆီကို ပျံနှံ့ပစ်လွှတ်လိုက်မှာ ဖြစ်ပါတယ်။ အသုံးပြုရ အင်မတန်လွယ်ကူပါတယ်။ မိုင်းမှာပါဝင်တဲ့ ဘထ္ထရီဟာ ၄၅ရက်ထိသာ အသုံးပြုနိုင်တာဖြစ်ပါတယ်။
အားသာချက် အနေနဲ့ ရဟတ်ယာဉ်ဖျက် မိုင်းတွေဟာ ရဟတ်ယာဉ်နဲ့ ထိနိုင်ခြေဟာ နဲပါးတယ်လို့ ဆိုကြပါတယ်။ သို့သော်လည်း ရဟတ်ယာဉ်ဖျက် မိုင်းတွေအသုံးပြုထားခြင်းဖြင့် လူသယ် ရဟတ်ယာဉ်တွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ ရန်သူ့လေယာဉ်ကွင်း အနီးဆိုရင် လေယာဉ် အဆင်းအတက်မှာ၊ စစ်မြေပြင်ချကွင်းဆင်းသက်စဉ် တောင်ကြားတွေ ဖြတ်ကျော်စဉ်မှာ ကောင်းကောင်း ပြဿနာပေးနိုင်ပြီး ရဟတ်ယာဉ်ရဲ့ ဒလက်တွေ၊ လိုက်ပါလာတဲ့ စစ်သည်တွေ၊ အင်ဂျင်လိုနေရာတွေနဲ့ ချိတ်ဆွဲထားတဲ့ လက်နှက်စနစ်တွေကို ဖျက်ဆီးနိုင်ပါတယ်။ သံချပ်ကာ ကောင်းလှတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေပင် ချိတ်ဆွဲ လက်နှက် ပျက်ဆီးခဲ့ရင် ထိခိုက်စေတာကြောင့် မီတာ ၁၀၀ထက် ပိုတဲ့ အမြင့်မှာပဲ ပျံဖို့ ဖိအားပေးထားတာလဲ ဖြစ်ပါတယ်။ မီတာ ၁၀၀နဲ့ အထက်မှာ လေယာဉ်ပစ် ပုခုံးထမ်း ဒုံးကျည်အမျိုးမျိုးဟာ ရဟတ်ယာဉ်တွေကို ကောင်းကောင်း ဒုက္ခပေးတော့မှာပဲ ဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

4 comments:

  1. Fool, this is not the page for your commercial advertisement. You'll be sorry if you are searching something interesting.

    By the way, why you can't express your contact mail, phone number or address? But it is not so amazing.........

    ReplyDelete
  2. 'ဒီလို မိုင်း တွေလည်း ရှိသေး နော်....ဗဟုသုတ ရသဗျာ..။
    အရေးထဲကုလား က ဘာ လာ ကြော် ငြာ နေတယ်မသိဘူး ဗိုင်းရပ်စ် link တွေဖြစ်နေဦး မယ်...

    ReplyDelete
  3. အက်မင်ကြီ အသစ်မတင်တာ ကြာပြီနော် ကျနော်နေ့ တိုင်းဝင်ကြည့်နေတာပါ အခုလေတပ်သတင်းထူးလေတွေ တင်ပေးပါဦး သတင်းတွေကတော့အာရစရာတွေပါ

    ReplyDelete
  4. ကျေးဇူးပါဗျာ။

    ReplyDelete