Friday, August 23, 2013

မြန်မာ့တပ်မတော်(ရေ)အား တိုးချဲ့ သင့်ပြီလော...

မြန်မာ့တပ်မတော်(ရေ)၏ စစ်ရေယာဉ်အသစ်များ ပိုင်ဆိုင်လာမှု အပေါ်တုံ့ပြန်တဲ့အနေနှင့်  ယိုးဒယားနှင့် ဘင်္ဂလားရေတပ်တို့ရဲ့ ရေတပ်အင်အားတိုးချဲ့လာမှုအကြောင်းတွေကို အနည်းငယ်လေ့လာမိပါတယ်...။

ပထမဆုံးကတော့ ယိုးဒယားပါပဲ... ယိုးဒယားရေတပ်မှာ လက်ရှိ ဖရီးဂိတ်(၈)စင်းရှိပြီးတော့ အမေရိကန်နှင့် တရုပ်နိုင်ငံများမှ ဝယ်ယူထားတာဖြစ်ပါတယ်...။တရုပ်ရေတပ်ဆီကနေ ၁၉၉၀ခုနှစ်အစောပိုင်းကာလမှာ ဝယ်ယူခဲ့ခြင်းဖြစ်တဲ့ ပုံစံ-၅၀၃တီ(တီ=ထိုင်း) ဆိုတဲ့ အမျိုးအစားတွေဖြစ်ပါတယ်....။ ဖရီးဂိတ်တွေရဲ့ ကုန်ကျစရိတ်ကတော့ ယိုးဒယားဘတ်ငွေ ၂ဘီလီယံအထိ အသီးသီးရှိကြတယ်လို့ သိရပါတယ်...။ ဒါကလည်း မူလပုံစံတွေကို အဆင့်မြှင့်တင်ပြီး ယိုးဒယားရေတပ်ရဲ့ လိုအပ်ချက်အရ တည်ဆောက်ပေးရလို့ဖြစ်ပါတယ်...။ စစ်ရေယာဉ် (၂)စင်းကိုတော့ မူလ ပုံစံ-၅၀၃ မှာ မပါတဲ့ ရဟတ်ယာဉ်ရပ်နားရာကွင်းတွေပါ ထည့်သွင်းပေးထားပြီး စစ်ရေယာဉ်ရဲ့ လေကြောင်းကင်းထောက်မှု လိုအပ်ချက်ကို ဖြည့်ဆည်းထားပါတယ်...။

ဖရီးဂိတ် အမှတ် ၄၅၅ နှင့် ၄၅၆ (၂)စင်းကတော့ (အနောက်နိုင်ငံထုတ် သင်္ဘောဖျက်ဒုံး တပ်ဆင်ထား)အမျိုးအစားတူ ဖြစ်ပြီး အမှတ် ၄၅၇ နှင့် ၄၅၈ နှစ်စင်းကိုတော့( တရုပ် သင်္ဘောဖျက်ဒုံး တပ်ဆင်ထား) ပုံစံ-၅၀၃အက်က်တီ(HT) ဆိုပြီးတော့ ရဟတ်ယာဉ်ဆင်းကွင်းပါအဖြစ် သတ်မှတ်ထားပါတယ်...။

စစ်ရေယာဉ် အမှတ် ၄၂၁ နှင့် ၄၅၂

စစ်ရေယာဉ် အမှတ် ၄၅၅ နှင့် ၄၅၆
စစ်ရေယာဉ် အမှတ် ၄၅၇ နှင့် ၄၅၈


အမေရိကန်ရေတပ်ဆီကနေလည်း ဖရီးဂိတ်တချို့ ဝယ်ယူထားပြီးတော့ စစ်ရေယာဉ် အမှတ် ၄၆၁ နှင့် ၄၆၂ တို့ဘဲဖြစ်ပါတယ်...။ ကျန်တဲ့ ဖရီးဂိတ်တွေထက်တောင် လက်နက်စနစ်အားဖြင့် ပိုကောင်းတယ်လို့ ယူဆရပါတယ်...။ အခုနောက်ဆုံးအနေနှင့် အမေရိကန်ေ၇တပ်ရဲ့ အသုံးမလိုတော့တဲ ဖရီးဂိတ် Oliver Hazard Perry အမျိုးအစား ဖရီးဂိတ် (၂)စင်း ထပ်မံရရှိထားပါတယ်...။ တရုပ်ရေတပ်ဆီကနေလည်း ပုံစံ-၀၅၄အေ အမျိုးစား ခေတ်မှီ ဖရီးဂိတ် (၃)စင်း ဝယ်ယူမယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါသေးတယ်...။
  
စစ်ရေယာဉ် အမှတ် ၄၆၁ နှင့် ၄၆၂

 ယိုးဒယားရေတပ်အနေနှင့် ဖရီးဂိတ် စစ်ရေယာဉ်အဖြစ် မသတ်မှတ်ပင်မဲ့လို့ စွမ်းရည်ထက်မြက်တဲ့ စစ်ရေယာဉ်ကြီးအတော်များများ ပိုင်ဆိုင်ထားပါသေးတယ်...။ ယခုပိုစ့်မှာတော့ ဖရီးဂိတ်အကြောင်းဘဲဖြစ်လို့ ရေးလက်စ ကော်ဗတ်နှင့်အခြားစစ်ရေယာဉ်ကြီးတွေအကြောင်း
 ပြန်ဖြုတ်ထားလိုက်ပါတယ်...။

ယိုးဒယားရေတပ်ရဲ့ စစ်ရေယာဉ်တိုးချဲ့နေမှုဟာ ဒီလောက်နဲ့ဘဲ အတော်မသတ်နိုင်သေးဘဲ မြန်မာ့တပ်မတော်(ရေ)ရဲ့ ကိုယ်ပျောက်နည်းပညာသုံး ပြည်တွင်းထုတ် ဖရီးဂိတ်ကြီးကို တုန့်ပြန်နိုင်ဖို့ ရည်ရွှယ်ကာ တောင်ကိုးရီးယားနိုင်ငံ
 ဒေဝူသင်္ဘောဆောက်လုပ်ရေးအဖွဲ့ဆီကနေ DW 3000H လို့ သတ်မှတ်ထားတဲ့ ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ် (၂)စီး မှာယူထားပါတယ်...။ ၁စင်းကို ယိုးဒယားဘတ် (၁၃) ဘီလီယံအထိရှိတယ်လို့ သိရပြီး စစ်ရေယာဉ် (၂)စင်းအတွက် ဘတ် (၂၆)ဘီလီယံ သုံးစွဲခဲ့တာဖြစ်ပါတယ်...။ အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ သန်းပေါင်း (၄၈၆)သန်း နီးပါး တန်ဖိုးရှိပါတယ်....။ ရေယာဉ်အနေဖြင့် မီတာ ၁၄၄ မီတာရှိကာ တန်ချိန် ၃၀၀၀-၄၀၀၀ ကြားရှိမည်လို့ သိရပါတယ်..။ အမြန်နှုန်းကိုတော့ ရေမိုင် ၂၈နှော့ ရှိမယ်လို့ဆိုထားတဲ့ အတွက် တပ်မတော်(ရေ)ရဲ့ ဖရီးဂိတ်တွေနှင့် ကွာခြားမှု သိပ်မရှိတာကို တွေ့ရပါတယ်...။

တပ်ဆင်မည့် လက်နက်စနစ်အချို့- ၇၆မမ ပင်မအမြောက်၊သင်္ဘောဖျက်ဒုံး ၈စင်း၊ ဒုံး၈ဒုံးအား ဒေါင်လိုက်ပစ်နိုင်မည့် RIM-162 ESSM ဒုံးပစ်စနစ်၊ ၂၀မမ မြန်နှုန်းမြင့်စက်အမြောက်များ၊၃၀မမ အမြောက်များ နှင့် တော်ပီဒိုများ တပ်ဆင်ထားကာ ကိုယ်ပျောက်နည်းပညာကို အသုံးပြုမယ်လို့ သတင်းများအရ သိရပါတယ်...။

ယိုးဒယားရေတပ်မှာ ဝယ်ယူထားသည့် ဖရီးဂိတ်၏ ပုံစံတူများအား တွေ့ရစဉ်


 တပ်ဆင်မည့် လက်နက်အမျိုးစား အချို့
 

အထက်ပါ ယိုးဒယားရေတပ်ရဲ့ အင်အားတိုးချဲ့ခြင်းတွေကို လေ့လာကြည့်မယ်ဆိုရင် မကြာမကြာ ပြဿနာဖြစ်ခဲ့ဘူးတဲ့ မြန်မာနိုင်ငံအတွက် သတိထားစရာတွေ အများကြီးပေါ်လာမှာဖြစ်ပါတယ်...။ ဒါကြောင့်လည်း တပ်မတော်(ရေ)အနေဖြင့် အမှန်တကယ်လိုအပ်တဲ့ ရေယာဉ်တိုးချဲ့မှုတွေကို တိုးမြင့်လုပ်ဆောင်နေရခြင်းဖြစ်ပါတယ်....။ လက်ရှိ တပ်မတော်(ရေ)မှာ ဖရီးဂိတ် ၃စင်း F11,F22 နှင့် F23 စသည်ဖြင့် ဖရီးဂိတ် စစ်ရေယာဉ် (၃)စင်း ပိုင်ဆိုင်ထားပါတယ်...။ တည်ဆောက်နေဆဲ ဖရီးဂိတ် F12 ကျန်စစ်သားအပါအဝင်ကို ဖရီးဂိတ် (၄)စင်းသာ ပိုင်ဆိုင်မှာဖြစ်ပြီး အဆင့်မြှင့်တင်ထားတဲ့ 771 နှင့် 772 ကော်ဗတ် (အပေါ့စားဖရီးဂိတ်) နှစ်စင်းရှိထားတာမို့သာ တပ်မတော်(ရေ)အတွက် ကမ်းလွန်ရေပြင် စိုးမိုးမှုမှာ အထောက်အကူပြုနေတာဖြစ်ပါတယ်...။ ၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ် အစီး (၂၀) အပြင် ကျန်တဲ့ စစ်ရေယာဉ်တွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်မှုဟာလည်း ဘင်္ဂလားလို ရေတပ်အနေဖြင့် မြန်မာ့ရေတပ်ကို ကြောက်နေရတဲ့ အချက်ဖြစ်ပြန်ပါတယ်...။

နောက်ဆုံး စိတ်ဝင်စားဖွယ်ရာ သတင်းကတော့ တပ်မတော်(ရေ)ရဲ့ ဖရီးဂိတ် စစ်ရေယာဉ်လိုအပ်ချက်ကို ဖြည့်တင်းမည့်သတင်းပဲဖြစ်ပါတယ်...။ ကြားရတဲ့ သတင်းများအရ ပြည်ပနိုင်ငံတစ်နိုင်ငံကနေ ဝယ်ယူဖြည့်တင်းဖို့များပြီး တရုပ်ရေတပ်မဟုတ်ဖို့များနေပါတယ်...။ ပြည်တွင်းထုတ် F13 ဖရီးဂိတ် သို့မဟုတ် F14 ဖရီးဂိတ်ဟာ ဆိုရင်လည်း တပ်မတော်(ရေ) အနေဖြင့် တည်ဆောက်လျက်ရှိနေပြီးဖြစ်လို့ ဘယ်လိုပုံစံမျိုးနှင့် ထွက်ပေါ်လာမလည်းဆိုတာကတော့ စစ်ရေးလေ့လာသူများအကြား အတွေးများစေတဲ့ အချက်ဘဲဖြစ်ပါတော့တယ်ခင်ဗျာ....။

အားလုံးကို လေးစားလျက်
ကိုmm

Thursday, August 8, 2013

ဒုံးပျံတင်အမြန်သွား ရေယာဉ်ငယ်များ အပိုင်း-၂

 (ဒုံးပျံတင်အမြန်သွား ရေယာဉ်ငယ်များအကြောင်း ဖော်ပြခွင့်ပြုသည့်အတွက်   ဆောင်းပါးရှင် ကိုဆန်းသစ်အား  အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ)

ဒုံးပျံတင် အမြန်သွားတိုက်ရေယာဉ်ငယ် များအသုံးချပုံ


ရေကြောင်းတိုက်ပွဲ သမိုင်းများအရ ရေယာဉ်အရွယ်အစား ကြီးမားသည် နှင့် အမျှ ဖျက်ဆီးနိုင်စွမ်း ပိုမိုကြီးမားသည်သာဖြစ်သည်။ရေယာဉ်ကြီးများတွင် အကွာအဝေးပိုမိုပစ်ခတ်နိုင်သော ဖျက်စွမ်းအားပိုမို ကြီးမားသော အမြောက်လက်နက်ကြီးများ တပ်ဆင်ပစ်ခတ်နိုင်ခဲ့သဖြင့် စစ်ရေယာဉ်ငယ်များအနေဖြင့် ထိုစစ်ရေယာဉ်ကြီးများအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိခဲ့ချေ။ သို့သော် ဒုံးပျံနည်းပညာကို ရေယာဉ် ငယ်များတွင်ပါတပ်ဆင်အသုံးပြုလာနိုင်သောအခါ ရေယာဉ်ငယ်တစ်စီးသည် မည်သည့်စစ်ရေယာဉ်ကြီးကို မဆိုရင်ဆိုင် စိန်ခေါ်နိုင်စွမ်းရှိလာခဲ့ပြီဖြစ်သည်။အသွားနှုန်း လျှင်မြန်ခြင်း ရေဒါပစ်မှတ်သေးငယ်ခြင်း (အချို့ ရေဒါဖမ်းမရနိုင်သော နည်းစနစ်များဖြင့်တည်ဆောက်သည်)၊လျှင်မြန်စွာ လှုပ်ရှားစစ်ကစားနိုင်ခြင်း အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များဖြင့် ပေါင်းစပ်လိုက်သောအခါရန်သူ၏ဒုံးပျံများကိုပင် 
 ကောင်းစွာရင်ဆိုင်နိုင်စွမ်း ရှိလာစေပါသည်။

ရေကြောင်းတိုက်ပွဲတစ်ခုတွင် စစ်ရေယာဉ်တစ်စီးရည်မှန်းချက်သည် ရန်သူရေယာဉ်များအား ဖျက်ဆီး နှစ်မြုတ်ပစ်ရန်ဖြစ်သည်။မိမိအား အန္တရယ်ဖြစ်စေနိုင်သော ရန်သူပစ်မှတ်များအား လက်ဦးမှုယူပြီးထိမှန် အောင်ပစ်ခတ်နိုင်မှသာ ရန်သူ၏ပစ်အားလျှော့နည်းသွားမည်ဖြစ်သည်။ရန်သူရေယာဉ်မှ ကျည်ထွက်လာပါက မိမိတွင် ထိုထွက်လာသောကျည်အား အကာအကွယ်ပြုလုပ်နိုင်ရန် ဖြစ်နိုင်ချေအလွန်နည်းပါးကြောင်းကို သိရှိရမည်ဖြစ်သည်။ဒုံးပျံခေတ်တွင် မူ ဒုံးပျံများ၏တိကျမှန်ကန်မှု ဖျက်စွမ်းအားပြင်းထန်မှုတို့ကြောင့် ရေကြောင်း တိုက်ပွဲများတွင် စစ်ရေယာဉ်တစ်စီး၏ ရည်မှန်းချက်သည် ရန်သူရေယာဉ်အား ဖျက်ဆီးနှစ်မြုတ်ပစ် ရန် အပြင် မိမိအား ရန်သူမှ ပစ်လွှတ်လိုက်သော ဒုံးပျံအားလည်း ဖျက်ဆီးပစ်ဖို့ လိုအပ်လာပေသည်။ ရေကြောင်း တိုက်ပွဲ၏အနိုင်အရှုံးသည် အထက်ပါ ရည်မှန်းချက် နှစ်ခုစလုံးအား ဖျက်ဆီးနိုင်စွမ်းပေါ် တည်မှီနေ ကြောင်းတွေ့ရှိရပါသည်။ 




ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်များ သည်ရေယာဉ်ကြီးများလောက် အရွယ်အစားကြီးမားခြင်း မရှိသည့်အပြင် တပ်ဆင်ထားသောအဓိက လက်နက်မှာလဲ မိမိရေယာဉ်အား လုံလောက်သော ကာကွယ်မှုကို ပြုလုပ်နိုင်ရန် ခဲယဉ်းပါသည်။FACs များကို နိုင်ငံများစွာက အသုံးပြုရာတွင် ရေကြောင်းတိုက်စစ်အတွက် ရည်ရယ်၍ လေကြောင်းမှ ကင်းထောက်လေယာဉ်များ ရေကြောင်းမှ ဖရီးဂိတ် ကဲ့သို့သော အီလက်ထရောနစ် စစ်ဆင်ရေး ဆင်နွဲနိုင်စွမ်းရှိသော ရေယာဉ်ကြီးများနှင့်တွဲဖက်၍ ကန့်သတ်ဧရိယာအတွင်းအသုံးပြုကြပါသည်။
ယေဘူယျ အားဖြင့် မိမိတစ်စီးတည်းအနေနှင့် ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်များသည် ကမ်းခြေမှ မိုင်၂၀ မိုင်၃၀ အတွင်းသာ လှုပ်ရှား စစ်ကစားနိုင်ပါသည်။သို့ရာတွင်ရေကြောင်းစစ်ရေယာဉ်အစုအနေနှင့် လည်းကောင်း ပင်လယ်ပြင်ထောက်လှန်းရေးအထောက်အကူပြု လေယာဉ်များဖြင့် ပူးပေါင်းစစ်ဆင်ခြင်းဖြင့် လည်းကောင်း အသုံးပြုလျှင် ကန့်သတ်ထားသော ဧရိယာအတွင်း ပိုမိုကွာဝေးသော အကွာအဝေးထိ စစ်ဆင်နိုင်စွမ်းရှိပါသည်။ထို့ပြင်ရေပြင်လေပြင် ပေါင်းစပ်၍ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်ရေး ကိုလဲ ဆင်နွဲနိုင်ပါတယ်။

မြန်မာ့တပ်မတော်(ရေ)ထုတ် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များ

ဒုံးပျံတင်အမြန်ရေယာဉ်ငယ်များကို တာဝန်ပေးအပ်နိုင်သောစစ်ဆင်ရေးအမျိုးအစားများမှာ-
၁။သတင်းထောက်လှမ်းရေး
ဒုံးပျံတင်အမြန်သွားရေယာဉ်ငယ်များ၏ လျှင်မြန်မှု ရေဒါတွင်မြင်ကွင်းသေးငယ်မှု များသည် ရန်သူရေယာဉ်သို့မဟုတ် ရေယာဉ်စု၏ ရေဒါဖမ်းမိနိုင်စွမ်းကိုအထိုက်အလျှောက်လျှော့ချပေးနိုင်ပြီး မိမိမှ လက်ဦးမှုယူ ထောက်လှမ်းသိရှိနိုင်ပါသည်။ထို့ကြောင့် ဒုံပျံတင်ရေယာဉ်ငယ်များကို မိမိစစ်ရေယာဉ်စု၏ ရှေ့ဆုံးမှထား၍ ထောက်လှမ်းသိရှိသော ရန်သူသတင်းအချက်အလက်များအား နောက်သို့လက်ဆင့်ကမ်းပေး ပို့ခြင်းဖြင့် ရန်သူရေယာဉ်သို့မဟုတ် ရေယာဉ်စုအား မိမိရေယာဉ်များ အနေဖြင့် လက်ဦးမှု့ယူစစ်ဆင်နိုင်စွမ်း
ရရှိစေပါသည်။
၂။ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေ
ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်တစ်စီး၏ လျှင်မြန်မှု သည် သတ်မှတ်ရေပိုင်နက် ပင်လယ်ပြင်အတွင်း တွင်အရေးပေါ်အခြေအနေကြုံတွေ့နေရသော သို့မဟုတ် ကြုံတွေ့ခဲ့ပြီးသော အခြေအနေတစ်နေရာ ထံသိုလျှင်မြန်စွာ သွားရောက်နိုင်ပြီး ရှေးဦးရှာဖွေကယ်ဆယ်ရေးများကို ပြုလုပ်နိုင်ပါသည်။ထို့ပြင်မိမိ ရေငုပ်ဖောက်ခွဲဖျက်စီးရေးသမားများအား ပြန်လည်ဆယ်တင်ခြင်း များကိုလဲ ပြုလုပ်ပေးနိုင်ပါသည်။
၃။ကြားဖြတ်တိုက်ခိုက်ရေး
ရန်သူ၏အရွယ်အစား၊အင်အား၊ဦးတည်အရပ်နှင့်မိုင်နှုန်းတို့အားကြိုတင်၍သတင်းတိကျစွာရရှိပါက ဒုံးပျံတင် အမြန်သွားတိုက်ရေယာဉ်ငယ်များအားစေလွတ်၍လျှင်မြန်စွာ ကြားဖြတ်တိုက်ခိုက်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။
၎။အလစ်အငိုက်တိုက်ခိုက်ခြင်
ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်များသည် ရေတိမ်ပိုင်းတွင်ပါသွားလာလှုပ်ရှားစစ်ကစားနိုင်သည်ဖြစ်ပြီး ညအမှောင်ထုကို အကာကွယ်ယူ၍တစ်စီးချင်းစစ်ကစားနိုင်သောရေယာဉ်များဖြစ်ပါသည်။ ရေယာဉ်အရွယ်အစား သေးငယ်မှုကြောင့် ကျဉ်းမြောင်းသော ရေလက်ကြားနေရာများ ကျွန်းစုများအကြား ပုန်းအောင်းနေရာမှ ညအချိန် ထွက်ခွာပြီး ရန်သူအားအလစ်အငိုက်လျှင်မြန်စာ တိုက်ခိုက်ပြီး ပြန်လည် ပုန်းအောင်းနိုင်ခြင်းများရရှိစေပါသည်။
၅။တိုက်ကင်းလှည့်ခြင်းအစောင့်လိုက်ပေးခြင်း
သာမန်အခြေအနေတစ်ခုတွင် မိမိရေပိုင်နက်အတွင်း ခိုးဝင်သော မြန်နှုန်းမြင့်ရေယာဉ်များကို ဖမ်းဆီးစစ်ဆေးခြင်း ကင်းလှည့်ဆောင်ရွက်ခြင်း ရန်သူသတင်းထောက်လှမ်းခြင်း မိမိရေပိုင်နက်အတွင်း ကုန်သွယ်ရေကြောင်းရေယာဉ်များကို အစောင့်လိုက်ပေးခြင်းများကို ရေယာဉ်တစ်စီးချင်းအနေဖြင့် ဆောင်ရွက်နိုင်ပါသည်။
၆။တရားဥပဒေစိုးမိုးရေး
ရေယာဉ်၏ရေစူးတိမ်သောကြောင့် မြစ်ဝကျွန်းပေါ်ဒေသများ နှင့်မြစ်ချောင်းများအတွင်းထိ ၀င်ရောက်စစ်ဆင်နိုင် စွမ်းရှိသောကြောင့် မြေပြင်တပ်ဖွဲ့များနှင့်ပေါင်းစပ်၍ မတည်ငြိမ်သောဒေသများတွင် ရေတပ်၏အကူအညီလိုအပ်လာပါက လျှင်မြန်စွာ သွားရောက်၍ ရေတပ်မတော်အနေဖြင့် တရားဥပဒေစိုးမိုးရေး သောင်းကျန်းမှုဆန့်ကျင်ရေး စစ်ဆင်ရေးများကို ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိပါသည်။

အထက်ပါအချက်များမှာ ဒုံပျံတင်အမြန်သွားရေယာဉ်ငယ်များအား ပေးအပ်နိုင်သော တာဝန်များဖြစ်ပါသည်။
(ဆက်လက်၍ရေးသားပါဦးမည်)
ဆန်းသစ်

ကိုးကား
စစ်ပညာဂျာနယ်
ဂိုဂဲလ်

Thursday, August 1, 2013

တပ်မတော်(ရေ)တွင် ရေငုပ်သင်္ဘောများ ပိုင်ဆိုင်လာတော့မည်လော.. အပိုင်း(၂)


ဒေသတွင်းနိုင်ငံများ အထူးသဖြင့် ဗီယက်နမ်နိုင်ငံက ၆စင်းမှာယူထားပြီး  အိန္ဒိယ၊တရုပ်တို့ကပါ သဘောကျလျက် ဝယ်ယူသည့်အပြင် ခိုးယူထုတ်လုပ်လျက်ရှိသည့် ရေငုပ်သင်္ဘော အမျိုးအစားသည် Kilo အတန်းအစား ရေငုပ်သင်္ဘောဖြစ်ပါသည်....။ ဒီဇယ်အင်ဂျင်သုံးစနစ်များထဲမှာ ရေငုပ်သင်္ဘောကြီး အမျိုးအစားထဲမှာပါဝင်ပြီး မြေပြင်၊ရေပြင်နှင့် ဝေဟင်ပါတိုက်ခိုက်နိုင်အောင် တည်ဆောက်ထားသော ရေငုပ်သင်္ဘောအမျိုးအစားဖြစ်သည်..။ ပုံမှန်အားဖြင့်ဆိုရင်တော့
 နူကလိယျစွမ်းအင်သုံး ရေငုပ်သင်္ဘောများဟာ ဒီဇယ်အင်ဂျင်သုံးတွေထက်
 ရေအောက်မှာ အကြာကြီးနေနိုင်ပါတယ်....။ ဘာဖြစ်လို့လည်းဆိုတော့ လိုအပ်တဲ့ အောက်ဆီဂျင်ကို ရေပြင်ပေါ် တက်ဖြည့်စရာမလိုလို့ပါ...။ ဒါပင်မဲ့ နူကလီယျစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေဟာ ကြီးမားတဲ့အတွက် ကမ်းခြေရေတိမ်ပိုင်းမှာ စစ်ကစားမှု မလွယ်ကူလှပါဘူး...။ ဒီအခါ လေပြန်ဖြည့်စရာမလိုပဲ တစ်လကျော်နေနိုင်တဲ့ စနစ်တပ်ဆင်ထားမယ့် ဘက်စုံတိုက်ခိုက်နိုင်တဲ့ ဒီဇယ်သုံး ရေငုပ်သင်္ဘောများဟာ ကမ်းခြေစောင့်အနေနှင့် ကြောက်စရာလက်နက်တစ်ခု ဖြစ်လာပါတယ်...။ ကီလိုအတန်းအစားများဟာ သူတို့ထဲက တစ်ခုဖြစ်ပါတယ်....။

Armur Class ရေငုပ်သင်္ဘောမျိုးကွဲများ


Project 877 Paltus နှင့်Project 636 Varshavyanka ဆိုပြီး (၂)မျိုးထုတ်လုပ်ခဲ့ပြီး ၆၃၆တွေဟာ ပိုအဆင့်မြှင့်တဲ့ စနစ်ပါ...။ ပိုမိုတိတ်ဆိတ်ငြိမ်သက်တဲ့ လှုပ်ရှားမှုတွေနဲ့ ရေပြင်၊ဝေဟင် ရေဒါစနစ်တွေပါ တပ်ဆင်ထားပြီး Water Jet ကိုပါတပ်ဆင်ထားပါတယ်...။တော်ပီဒိုပြွန်များကနေ ဝေဟင်နှင့် ရေပြင်၊မြေပြင်ပစ် ခရုစ်ဒုံးပျံတွေ ပစ်လွှတ်နိုင်ပါတယ်...။ နိုင်ငံခြားကိုတင်ပို့တဲ့ စနစ်တွေမှာတော့ ဝေဟင်ပစ်စနစ်တွေ တပ်ဆင်မပေးထားဘူးလို့ ဆိုပါတယ်...။ ဈေးကတော့ တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း၂၀၀နဲ့ ၂၅၀ကြားမှာရှိပြီး တရုပ်ကပြန်ထုတ်တဲ့ အမျိုးအစားတွေဟာ သန်း၁၅၀ ကျော်တန်ဖိုးရှိတယ်လို့ ဆိုပါတယ်...။ လူအင်အား ၁၅၀ကျော်နဲ့ ၄၅ရက်တာ စစ်ဆင်ရေးတာဝန်ကို မနားတမ်းထမ်းဆောင်နိုင်မှာဖြစ်ပြီး ရေအောက်အနက် မီတာ ၃၀၀အထိ ငုပ်နိုင်တဲ့အပြင် အမြန်ဆုံး တစ်နာရီ ရေမိုင်၂၅အထိမောင်းနှင်နိုင်ပြီး ပုံမှန်အားဖြင့် အမြန်နှုန်းတစ်နာရီ ရေမိုင် ၃-၇မိုင်အားဖြင့် မိုင်၄၀၀ခန့် အကျယ်အဝန်းအထိ ဖြန့်ကျက်စစ်ကစားနိုင်ပါတယ်...။ ကမ္ဘာတစ်ဝှမ်းလုံးမှာ အစင်း၆၀နီးပါးအထိ တာဝန်ထမ်းဆောင်နေပြီး ခုထက်ထိ အမှာစာများရယူနေဆဲ ဝယ်လိုအားများတဲ့ အမျိုးအစားဖြစ်ပါတယ်....။ အိန္ဒိယ၊ တရုပ်နှင့် ရုရှားနိုင်ငံများက ၁၀စင်းကျော် ၂၀ နီးပါစီ အသီးသီး ဝယ်ယူထားပြီး ဗီယက်နမ်က ၆စင်း ဝယ်ယူထားပါတယ်...။ ပိုလန်၊အီရန်၊ရိုမေးနီးယား အယ်ဂျီးယားနိုင်ငံများကလည်း အသုံးပြုကြပါတယ်...။

Kilo နှင့် Armur အတန်းစားများ နှိုင်းယှဉ်ဖော်ပြမှု

ကီလိုအတန်းအစား ရေငုပ်သင်္ဘောများကို အောင်မြင်လိုက်တဲ့ အတန်းအစားကတော့ Lada အမျိုးအစား ရေငုပ်သင်္ဘောဘဲဖြစ်ပါတယ်...။ ကီလိုအမျိုးစားများထက် အနည်းငယ် သေးသွယ်ပြီး ပိုမိုတိတ်ဆိတ်တဲ့ စတုတ္ထုမျိုးဆက်သစ်  ရေငုပ်သင်္ဘောဖြစ်ပါတယ်...။ Project 677အနေနဲ့ ရုရှားနိုင်ငံကပဲ ထုတ်လုပ်တာဖြစ်ပြီး ၁၉၉၀ခုနှစ်များကနေ စတင်ခဲ့ပင်မယ့် ၂၀၀၅ခုနှစ်မှာမ တစ်စင်းရေချစမ်းသပ်ခဲ့ပြီး ၂၀၁၀မှာ ရုရှားရေတပ်က ၈စင်းမှာယူခဲ့ပါတယ်...။ သို့သော်စမ်းသပ်အသုံးပြုပြီးနောက် ဆိုနာစနစ်နှင့် ရေနက်ပိုင်းမောင်းနှင်မှုမှာ အကြိုက်မတွေ့တာကြောင့် အမှာစာများ ပယ်ဖျက်ခဲ့ပြီ ရပ်တန့်ခဲ့ရပါတယ်....။ ကီလိုအတန်းစားတွေက် ဈေးပိုကြီးတာကြောင့်လို့လဲ ဆိုကြပါတယ်...။ ၂၀၁၂ခုနှစ်မှာ တရုပ်က အဲဒီအမျိုးစား သင်္ဘော၎စင်းစာအတွက် ၂ဘီလီယံဖိုးစာချုပ်ချုပ်ခဲ့ရတယ်လို့ဆိုပြီး ၂၀၁၅ခုနှစ်မှာ ပိုင်ဆိုင်လာတော့မှာဖြစ်ပါတယ်....။ လူထက် ဒီဂျစ်တယ်စနစ်များကို အစားထိုးအသုံးပြုခဲ့ပြီး သင်္ဘောသားဦးရေ လိုအပ်ချက်ကို ၃၈ဦးအထိ လျှော့ချနိုင်ခဲ့ပြီး ကီလိုအတန်းစားများနည်းတူ တာဝန်ထမ်းဆောင်နိုင်ပေမယ့် အမြန်ဆုံးမောင်းနှင်နိုင်မှုကတော့ ရေမိုင် ၂၁မိုင်ဘဲရှိပါတယ်....။ ရန်သူ့ဆိုနာစနစ်ရဲ့ ဖမ်းယူနိုင်မှုကိုတော့ သိသိသာသာ ၃ပုံ၁ပုံလောက် လျှော့ချနိုင်ခဲ့ပြီး စိက်ပိတ်လှုပ်ရှားတဲ့အခါ တိတ်ဆိတ်လွန်းတဲ့ အမျိုးအစားဖြစ်ပါတယ်...။ သည်အတန်းစား ရေငုပ်သင်္ဘောတွေကို တရုပ်ကို ရောင်းချမှုဟာ ရုရှားအတွက် စွန့်စားလွန်းရာကျပြီး အမေရိကန်လေယာဉ်တင် အုပ်စုတွေအတွက် သိပ်အန္တာရယ်ကြီးတယ်လို့ မီဒီယာတွေက ဆိုကြပါတယ်...။ တရုပ်ကတော့ သူပိုင်ဆိုင်ထားတဲ့ လေယာဉ်တင်အုပ်စုမှာ အသုံးပြုမယ်လို့ ဆိုထားပါတယ်...။ 

 Armur-950 နဲ့ Armur-1650 အတန်းစားများ နှိုင်းယှဉ်ဖော်ပြမှု
ပြည်တွင်းဈေးကွက်မှာ နေရာမရတဲ့ သည်အမျိုးအစားဟာ ပြည်ပဈေးကွက်အတွက် Armur Class အနေနှင့် ပွဲထုတ်လာခဲ့ပါတယ်....။ အမျိုးအစားပေါင်း ၅မျိုးရှိပြီး Armur-950 နဲ့ Armur-1650 အမျိုးစားတွေဟာ စိတ်ဝင်စားမှု အတော်တန်ရရှိထားတဲ့ အမျိုးအစားတွေပါ...။ အီတလီနှင့် ပူးတွဲထုတ်လုပ်ဖို့ သဘောတူထားတဲ့ S-1000 အမျိုးအစားတွေဟာ Armur အမျိုးစားတွေဖြစ်ပြီး ၉၅၀တွေ ဖြစ်နိုင်ချေများပါတယ်...။ ကီလိုအတန်းစားတွေ Lada အတန်းစားတွေထက် သေးငယ်ပေါ့ပါးပြီး ဝယ်ယူသူစိတ်ကြိုက် လက်နက်တပ်ဆင်ပေးနိုင်မှာဖြစ်ပါတယ်...။ အမြန်ဆုံး တစ်နာရီရေမိုင်၂၀ အထိသွားနိုင်ပြီး ရေအနက် မီတာ၂၅၀အထိငုပ်နိုင်ကာ ရေမိုင်၃၅၀နီးပါးကို ၄၅ရက်ကြာ တာဝန်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်...။ Armur-950 အတန်းစားတွေဟာ ၅၆မီတာသာရှည်လျှားတဲ့ သေးငယ်တဲ့ အမျိုးအစားတွေဖြစ်ပြီး ဒေါင်လိုက်ဒုံးပစ်စနစ်ပါဝင်ပြီး တော်ပီဒိုများ မိုင်းများပါ သယ်ဆောင်ကာ များပြားလှတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်...။ သင်္ဘောသားအရေတွက် ၂၀သာ လိုအပ်ပြီး တာဝေးစစ်ဆင်နိုင်စွမ်းနည်းပါးပါတယ်...။ ရေငုပ်သင်္ဘောသက်သက် ထိုးဖောက်တိုက်ခိုက်ရေးနှင့် အီလက်ထရောနစ်စစ်ဆင်ရေးအတွက် အသုံးဝင်မယ့် အမျိုးအစားဖြစ်ပါတယ်...။ Armur-1650 တွေကတော့ ဒေါင်လိုက်ဒုံးပစ်စင်တွေ မပါရှိပါဘူး...။ တော်ပီဒိုပြွန်တွေကနေပဲ ခရုစ်ဒုံးတွေကို ပစ်ခတ်နိုင်မှာဖြစ်ပြီး တာဝေးတာဝန်ထမ်းဆောင်တာနှင့် အစောင့်လိုက်တာ ကင်းလှည်တာတွေအတွက် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်...။ ပြင်သစ်ရဲ့ Scorpene Class ဂျာမနီရဲ့ Type214 Class တွေဟာလည်း Armur အမျိုးစားတွေနဲ့ နည်းပညာချင်းဖလှယ်ထားတဲ့ စနစ်တွေဖြစ်ပြီး ကိုးရီးယားနှင့် အိန္ဒိယကလည်း စိတ်ဝင်စားတယ်လို့ ဆိုကြပင်မဲ့ Armur အမျိုးစားတွေကို တိုက်ရိုက်ဝယ်ယူအသုံးပြုဘူးတဲ့ နိုင်ငံတော့မရှိသေးပါဘူး...။ တစ်စင်းချင်းစီဟာ အမေရိကန်ဒေါ်လာ သန်း၁၀၀ နဲ့အထက် တန်ဖိုးရှိတာဖြစ်ပါတယ်....။ ကီလိုအတန်စားတွေ Lada အတန်းစားတွေနှင့် ယှဉ်ရင် အင်မတန် ဈေးသက်သာတဲ့ အမျိုးစားဖြစ်ပါတယ်....။ 

Kilo နှင့ Lada အတန်းစား နှိုင်းယှဉ်ဖော်ပြမှု

မြန်မာ့ကမ်းလွန် ပင်လယ်ပြင်နှင့် ကမ်းခြေလုံခြုံရေးအတွက် ကီလိုအတန်းအစား ရေငုပ်သင်္ဘောတွေကို စိတ်ဝင်စားကြတယ်လို့ ဆိုကြပါတယ်...။ သို့သော် ကီလိုအတန်းစားရဲ့ မျိးဆက်ခွဲတွေဖြစ်တဲ့ Armur အမျိုးအစား တွေကိုတော့ လေ့လာသူတွေက သိသိသာသာ စိတ်ကြိုက်တွေ့ကြပါတယ်...။ အထူးသဖြင့် တာတိုစစ်ဆင်ရေးသုံး လက်နက်ပေါင်းစုံသယ်ဆောင် တိုက်ခိုက်နိုင်တဲ့ ၉၅၀တွေဟာ သင်္ဘောသားဦးရေနည်းနည်း သေးသေးသွယ်သွယ်နဲ့မို့ ပထမဦးဆုံးစတင် အသုံးပြုရမယ့် မြန်မာ့ရေတပ်အတွက် လူငယ်တွေ မျက်စိကျစရာ တစ်ခုအဖြစ် သုံးသပ်နေကြပါတယ်...။ သို့သော် တပ်မတော်(ရေ)၏ အနာဂတ်ရည်မှန်းချက်များဖြင့် စိစစ်တိုင်းထွားကာ စနစ်တကျ ဆုံးဖြတ်ရမှာဖြစ်ပြီး ရေငုပ်သင်္ဘောတစ်ခုတည်းသာ ဝယ်ယူရတာမဟုတ်ဘဲ လိုအပ်သော ရေငုပ်သင်္ဘောစခန်းတွေ၊ ပြင်ဆင်ရေးတွေ၊ လက်နက်တွေ၊ စနစ်တွေနဲ့ သက်ဆိုင်ရာ သင်တန်းတွေကို စီစဉ်ရမှာဖြစ်ပြီး ကြာဦးမည့် အစီစဉ်တစ်ခုဖြစ်သော်လည်း မကြာစေချင်လောက်အောင် စိတ်လောစွာ စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်....။ သို့သော် ရေးသားခဲ့ပြီးသော ရေငုပ်သင်္ဘောအမျိုးစားများအားလုံးဟာ တစ်စင်းချင်းတန်ဖိုး ဒေါ်လာသန်း ၁၀၀အထက်မှာသာရှိပြီး ဆက်စပ်ပစ္စည်းများ ၊ စနစ်များပါ ဝယ်ယူရမည့်အပြင် ယခုနှစ်ရရှိထားသည့် ရေတပ်အတွက် ဘတ်ဂျက် ဒေါ်လာသန်း၉၀နဲ့ ဘာကိုမှ အလောတကြီးစီမံလို့ မရနိုင်တာဖြစ်လို့ ၂၀၁၈ခုနှစ်မှာ ဘင်္ဂလားဒေ့်ပိုင်ဆိုင်လာမည့် တရုပ်အကျ Romeo အတန်းစား (ဆိုဗီယက်လက်ကျန် တရုပ်မွမ်းမံပြင်ဆင်) ရေငုပ်သင်္ဘော ၂စင်းရဲ့ စွမ်းဆောင်နိုင်မှုကိုတော့ ရင်ခုန်နေရဆဲဖြစ်ပါတော့တယ်....။ကျန်းမာချမ်းသာကြပါစေခင်ဗျာ....။

(မြန်မာ့တပ်မတော်(ရေ)၏ ဖြစ်ပေါ်လာနိုင်သည့် ရေငုပ်သင်္ဘောအမျိုးစားဖြစ်သော Kilo Class ရေငုပ်သင်္ဘောမျိုးကွဲများအကြောင်း အကျယ်တဝင့်ဖော်ပြပေးသော ဆောင်းပါရှင်အား အထူး ကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ....။ ဆက်လက်၍လည်း စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများ ဖော်ပြပေးနိုင်ဖို့ မျှော်လင့်ရပါတယ်...။)