Tuesday, September 2, 2014

ဟွာဆောင်၆ ဒုံးပျံများ




Hwasong 6 ဒုံးပျံများသည် မြောက်ကိုရီးယားနိုင်ငံ၏ အမြောက်အများပိုင်ဆိုင်ထားသော တာတိုပစ် မြေပြင်မှမြေပြင် ဒုံးပျံများဖြစ်ပြီး ဆိုဗီယက်ခေတ် R17 ဒုံးပျံများနဲ့ တန်းတူညီမျှ ရှိပါတယ်။ SCUD ဒုံးပျံ အမျိုးအစားများဖြစ်ပြီး Hwasong5 (SCUD-B) အမျိုးအစားများကို အဆင့်မြင့်တင်ထားတဲ့ SCUD-C အမျိုးအစားများဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်မှ စတင်ပြီး မြောက်ကိုရီးယားနိုင်ငံမှာတင် ထုတ်လုပ်ခဲ့ပါတယ်။ မူလ Hwasong5 ဒုံးပျံများကို အဆင့်မြင့်တာအပါအဝင် အသစ်ထုတ်လုပ်မှုများကိုပါ ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ထုတ်လုပ်လိုက်တဲ့ Rodong-1 ဒုံးပျံကို ရရှိပိုင်ဆိုင် အပြီးမှာတော့ Hwasong 6 ဒုံးပျံများကို အများအပြား ထုတ်လုပ်ခဲ့ပြီး ရည်ရွယ်ချက်ကတော့ နူကလိယျ သို့မဟုတ်အခြားဖျက်အားပြင်း လက်နှက်သယ်ဆောင်မယ့် Rodong-1 ဒုံးပျံများနဲ့ တွဲဖက်ကာ ယောင်ပြ လွှတ်တင် တိုက်ခိုက်နိုင်ဖို့ ဖြစ်ပါတယ်။ 
Rodong-1

 Hwasong-6 ဒုံးပျံများဟာ အကွာအဝေး ကီလိုမီတာ ၅၀၀ခန့်အထိ ပစ်ခတ်နိုင်ပြီး တစ်တန်နီးပါး ထိပ်ဖူးကို သယ်ဆောင်နိုင်တဲ့ အရည်လောင်စာ စွမ်းအင်သုံး ဒုံးပျံများဖြစ်ပါတယ်။ ရေဒီယိုလမ်းညွှန်စနစ်နဲ့ ပျံသန်းနိုင်ပြီး ပစ်မှတ်ကို ရောက်ဖို့ ၁၀မိနစ်ကနေ ၁၅မိနစ်ထိ ကြာမြင့်ပါတယ်။ တိကျမှု မီတာ ၁၀၀၀ ဝန်းကျင်သာရှိပါတယ်။ မူလ SCUD-B အမျိုးအစားများဟာ ကီလိုမီတာ ၃၀၀ခန့်အထိသာ ရောက်ရှိပေမယ့် တိကျမှုက မီတာ ၄၅၀ထိ ရှိပါတယ်။ သို့သော်လည်း HE, Submunitions  သာမက ဓါတုလက်နှက်များကိုပါ ထည့်သွင်းပစ်ခတ်နိုင်ပါတယ်။ ဒါ့ကြောင့် မြောက်ကိုရီးယားနိုင်ငံဟာ ဟွာဆောင်၆ ဒုံးပျံများကို အမြောက်အများ ထုတ်လုပ်ခဲ့ပြီး ရွေ့လျားပစ်စင်များသာမက ပစ်စင် အသေများဖြင့်ပါ ပစ်ခတ်နိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးပျံနည်းပညာဖွင့်ဖြိုးရေးကို အားတက်သရော ကူညီခဲ့တဲ့ ဆိုဗီယက်နဲ့ တရုတ်တို့ဟာ Rodong ကို ထုတ်လုပ်ခဲ့အပြီးမှာတော့ ဆိုဗီယက်တို့က ဒုံးကျည်နည်းပညာ အကူအညီကို ရပ်ဆိုင်းခဲ့ပါတယ်။ တရုတ်တို့က ဆက်လက်ကူညီခဲ့သော်လည်း ၁၉၉၅ခုနှစ်မှာတော့ ရွေ့လျားဒုံးပျံပစ်စင်များ အဖြစ်ထုတ်လုပ်နိုင်တဲ့ MAZ-7310 အကြီးစားသယ်ပို့ယာဉ်များ ရောင်းချမှုကို ကန့်သတ်ခဲ့ပါတယ်။တစ်နှစ်မှာ ၁၀စင်းမျှသာ ရောင်းချပေးမယ့် ကန့်သတ်မှုကြောင့် တစ်နှစ်ကို ရာနဲ့ချီ ထုတ်လုပ်ထားတဲ့ ၅နှစ်စာ ဟွာဆောင်၆ ဒုံးပျံများဟာ သယ်ဆောင်ပစ်ခတ်စရာ ရွေ့လျားပစ်စင် ၅၀ခန့်နဲ့ အလုပ်မဖြစ် ဖြစ်ခဲ့ရပါတယ်။ 
MAZ-7310
သိုလှောင်သိမ်းဆည်းထားရင် အနှစ်၂၀ကျော် သက်တမ်းရှိပြီး စစ်ဆင်ရေးအသင့်ပြင်ဆင်ထားရင်တော့ ၆လသာ သက်တမ်းရှိတာမို့ ၁၉၉၅ခုနှစ် နောက်ပိုင်းကစလို့ ဟွာဆောင်၆များကို ရောင်းချဖို့ စီစဉ်ခဲ့ကြပါတယ်။ ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ ယီမင်၊ ဗီယက်နမ်အပါအဝင် ဟွာဆောင်၆ ဒုံးပျံပေါင်း ၆၀၀နီးပါး ရောင်းချခဲ့တယ် ဆိုပါတယ်။ ၁၉၉၉ခုနှစ် ဝန်းကျင်လောက်မှာတော့ အီရန်နိုင်ငံနဲ့ ချိတ်ဆက်မိပြီး အီရန်နိုင်ငံ အကြီးစား စက်မှုလုပ်ငန်းကနေ MAZ ယာဉ်များ ထုတ်လုပ်ပေးမည့် စက်ရုံနဲ့ မြောက်ကိုရီးယားနိုင်ငံက ဟွာဆောင်၆ စက်ရုံတို့ နည်းပညာချင်း ဖလှယ်ခဲ့ကြပါတယ်။ 


ဒါ့ကြောင့် ၂၀၀၀ပြည့်အလွန် မြောက်ကိုရီးယားနိုင်ငံဟာ MAZ-7310 လို အကြီးစား ယာဉ်တွေ တည်ဆောက်လာနိုင်ခဲ့ပါတယ်။ သို့သော်လည်း အီရန်ဆီက ရတဲ့နည်းပညာဟာ ဆိုဗီယက်ခေတ် စကဒ့်တင် ယာဉ်များအဆင့်သာ ရှိတာမို့ လွင်ပြင်နဲ့ ကန္တရသုံးဖြစ်ပြီး လမ်းကြမ်းနဲ့ ရွံညွံလိုဒေသတွေအတွက် ကန့်သတ်ချက် များစွာရှိတဲ့ ယာဉ်တွေကိုသာ ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။ သို့သော်လည်း ဟွာဆောင်၆ အပါအဝင် မြောက်များလှစွာသော မြောက်ကိုရီးယား ဒုံးပျံများ အတွက်ကတော့ အသက်ဆက်စရာ အခြေအနေတစ်ခုဖြစ်လာခဲ့ပြီး ယာဉ်တင်ပစ်ခတ်နိုင်တဲ့ ပြီးပြည့်စုံတဲ့ ဟွာဆောင်၆ ဒုံးပျံစနစ်များကို တစ်နှစ်လျင် အစုံ၅၀ခန့် ထုတ်လုပ်နိုင်ခဲ့ပါတော့တယ်။
ဒါ့အပြင် အီရန်ဆီကနေ SCUD-ER ဒုံးကျည်စနစ်ကိုပါ ရရှိခဲ့တာကြောင့် ဟွာဆောင်၆ ဒုံးပျံများဟာ ကီလိုမီတာ ၇၀၀-၈၀၀ ခန့်ထိ ပစ်ခတ်လာနိုင်ပြီး တိကျမှု မီတာ၄၀၀ ခန့်ထိ ရှိလာခဲ့ပါတယ်။ သို့သော်လည်း သယ်ဆောင်နိုင်တဲ့ ထိပ်ဖူးအရွယ်အစား သေးငယ်သွားခဲ့ပါတယ်။ နည်းပညာသစ် လမ်းညွှန်စနစ်များနဲ့အတူ သိပ်သည်းကျစ်လစ်တဲ့ ဒုံးပျံ အမျိုးအစား အသစ်တစ်မျိုးပုံစံလဲ ရရှိခဲ့တာမို့ ဟွာဆောင်၇ အနေနဲ့ ဆက်လုပ် ထုတ်လုပ်ခဲ့ပါတယ်။ 


ယခုအခါမှာတော့ မြောက်ကိုရီးယားနိုင်ငံဟာ ပြည်တွင်းဖြစ် ရွေ့လျားပစ်စင်၊ ပြည်တွင်းဖြစ် ဒုံးကျည်ကို တင်ဆောင်ထားပြီး ပြည်တွင်းဖြစ် လမ်းညွှန်စနစ်ပါ ထိပ်ဖူးအမျိုးမျိုးကို တပ်ဆင်ထားပြီး ကီလိုမီတာ ၈၀၀အထိ ပစ်ခတ်နိုင်တဲ့ ဟွာဆောင် အမျိုးစား(၅/၆/၇) ဒုံးစနစ်များကို ၆၀၀ခန့် ပိုင်ဆိုင်ထားတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာများက ဆိုကြပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ။

Thursday, August 28, 2014

ရေယာဉ်တင် တာတိုပစ် ဒုံးပျံများ




စစ်ရေယာဉ်များ အတွက် တိုက်ခိုက်လာနိုင်သည့် လေကြောင်းရန် အန္တရာယ်မှ ကာကွယ်ပေးနိုင်မည့် တာတိုဒုံးစနစ် ၃ခုကို ဖေါ်ပြပေးပါ့မယ်။ မြန်မာ့တပ်မတော် စစ်ရေယာဉ် အသစ်များအတွက် လက်ရှိအသုံးပြုနေသည့် IgLa ဒုံးစနစ်များထက် ပိုမို ထိရောက်သည့် လက်နှက်များကို တပ်ဆင်မည်ဆိုပါက ဖြစ်နိုင်ချေ အလားအလာ များစွာ ရှိသော အမျိုးအစားများ ဖြစ်ပါတယ်။ မြန်နုန်းမြင့် တိုက်လေယာဉ်များ၊ မြန်နုန်းနိမ့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ မောင်းသူမဲ့ အမျိုးမျိုးနဲ့ ဒုံးပျံများကိုပါ ကြားဖြတ်တိုက်ခိုက်နိုင်ဖို့ အတွက်ဆိုရင်တော့ လက်ရှိ အသုံးပြုနေတဲ့ Igla တွေထက် ပိုမို ထိရောက်တဲ့ ဒုံးလက်နှက်များ လိုအပ်မှာဖြစ်ပါတယ်။ 

FM-90
 FM-90 ဒါမှမဟုတ် HQ-7A ဒုံးစနစ်ဟာ တရုတ်နိုင်ငံထုတ် တာတိုလေကာ စနစ်တစ်ခုဖြစ်ပြီး၊ ၁၈၀ဒီကရီ လှည့်နိုင်ပြီး ပြွန်ထဲမှာ သိမ်းထားနိုင်တဲ့ ဒုံးကျည် ၈လုံးပါ ပစ်စင်တစ်ခုကို သင်္ဘော ကုန်းပတ်နေရာမှာ တပ်ဆင်ရမှာဖြစ်ပြီး တွဲလျက်ပါ ရှာဖွေပစ်ခတ်ရေး ပုံစံ၃၆၀အက်စ် E/F ရေဒါတစ်ခုပါ တပ်ဆင်ရပါမယ်။ ရေဒါဟာ ကီလိုမီတာ ၂၀ထိ ထောက်လှမ်းနိုင်ပြီး ဒုံးကျည်ဟာ အသံထက် ၂ဆကျော် အမြန်နုန်းနဲ့ ၁၅ကီလိုမီတာအတွင်းရှိ ပစ်မှတ်မျိုးစုံကို ဖျက်ဆီးနိုင်ပါတယ်။ အနီအောက်ရောင်ခြည်သုံး ခြေရာခံစနစ်နဲ့ တယ်လီဗေးရှင်း စနစ်ကို ထည့်သွင်းထားပါတယ်။ အသံထက် ၁ဆ အောက် အမြန်နုန်းရှိတဲ့ ဘယ်ပစ်မှတ်မဆို တစ်ချက်တည်းနဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ပြီး ရေယာဉ်ဖျက် ဒုံးများကို ဒုံးကျည် ၃လုံးကနေ ၄လုံးထိ အသုံးပြုဖျက်ဆီးနိုင်ပါတယ်။ အဆင့်မြင့်ထားတဲ့ စနစ်တွေမှာ ဒုံးကျည် ပြန်လည်ဖြည့်တင်းတဲ့ စနစ်ကို ပစ်စင်အောက် ရေယာဉ်ထဲမှာ တပ်ဆင်လာနိုင်ပြီး ဒုံးကျည်ကိုလဲ လမ်းတစ်ဝက်မှာ ပစ်ခတ်သူက ဖျက်ဆီးနိုင်ပါတယ်။ ပြင်ပကိုရောင်းချတာကတော့ FM-80 ပုံစံ အဟောင်းကိုသာ ရောင်းချတာဖြစ်ပြီး၊ သင်္ဘော ကိုယ်ထည်ထဲက နေရာပေးစရာမလိုပဲ ကုန်းပတ်ပေါ်မှာ တပ်ဆင်နိုင်ပြီး သင်္ဘောမှာပါဝင်တဲ့ CIWS တွေနဲ့ ချိတ်ဆက်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

SA-N-4 Gecko
OSA-M ဒါမှမဟုတ် SA-N-4 Gecko ဒုံးစနစ်ဟာ ရုရှားတပ်မတော်သုံး တာတိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်တစ်ခုဖြစ်ပါတယ်။ အနိမ့်ပျံပစ်မှတ်များနဲ့ သင်္ဘောဖျက်ဒုံးများရန်ကို ကာကွယ်ဖို့ အဓိက အသုံးပြုတာမို့ လှိုင်းတွေအပေါ် ၅မီတာ အမြင့်က ပျံသန်းလာမယ့် မြန်နုန်းမြင့် ပစ်မှတ်တွေကို အဓိကထားပါတယ်။ ဒါပေမယ့် ၃၆၀ဒီဂရီလှည့်နိုင်ပြီး ဒုံးကျည်၂စင်းချိတ်ဆွဲနိုင်တဲ့ ဒုံးပစ်စင်အပါအဝင် ကျည်ထိုးစနစ်အားလုံးဟာ သင်္ဘောအတွင်းမှာ တပ်ဆင်ထားရမှာဖြစ်ပြီး ပစ်ခတ်ချိန်မှသာ ပစ်စင်ဟာ သင်္ဘောကုန်းပတ်ပေါ် ထိုးထွက်လာပြီး ပစ်ခတ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်္ဘော အတွင်းမှာ သီးသန့်နေရာပေးဖို့ လိုအပ်ပါတယ်။ ကျည်ထားထားရင် ပထမ တစ်စက္ကန့်အတွင်းမှာ ဒုံးကျည် ၂လုံးပစ်နိုင်မှာ ဖြစ်ပေမယ့် ကျည်ထိုးမထားရင်တော့ အဆင်သင့်ဖြစ်လို့ ၁၂စက္ကန့်လိုအပ်ပါတယ်။ ကျည်ပြန်ဖြည့်ချိန် ၁၆-၁၈စက္ကန့်ထိ လိုအပ်ပါတယ်။ 

တွဲဖက် တပ်ဆင်ထားတဲ့ ရေဒါစနစ်ဟာ အနိမ့်ပျံ ပစ်မှတ်တွေကို ၃၀ကီလိုမီတာထိ ထောက်လှမ်းနိုင်ပြီး မီတာ ၂၀၀၀ကျော်တဲ့ အမြင့်ပျံ ပစ်မှတ်တွေကို ၅၀ကီလိုမီတာနဲ့ အထက်ထောက်လှမ်း စောင့်ကြည့်နိုင်ပါတယ်။ ဒုံးကျည်တွေဟာ အသံထက် ၂ဆခွဲအမြန်နုန်းနဲ့ ပျံသန်းနိုင်ပြီး လေယာဉ်လိုပစ်မှတ်တွေကို ၁၅ကီလိုမီတာထိ၊ ဒုံးကျည်တွေကိုတော့ ၄-၉ကီလိုမီတာထိ ပစ်ခတ်နိုင်ပြီး ဒုံးကျည်တစ်လုံးတည်းနဲ့ ထိမှန်နိုင်ချေ ၈၅%ကျော် ရှိပါတယ်။ စနစ်တစ်ခုတည်းမှာ ပေးနိုင်တဲ့ သင်္ဘောနေရာကိုလိုက်လို့ ဒုံးကျည် အလုံး၄၀ သယ်ဆောင်နိုင်ပါတယ်။ 
 
Barak-1 ဒုံးပျံပစ်စင် ၄ခု

Barak-1 ဒုံးပျံစနစ်ဟာ အိန္ဒိယတပ်မတော်သုံး စနစ်ဖြစ်ပြီး အစ္စရေးထုတ်ဖြစ်ပါတယ်။ VLS (Vertical launching system) သုံးတဲ့ စနစ်ဖြစ်ပြီး ပြုပြင်ထိမ်းသိမ်းစရာ မလိုသလောက် နဲပါးပါတယ်။ ထူးခြားချက်ကတော့ မူလရည်ရွယ်ချက်ဟာ CIWS တွေကို အထောက်ကူပြုဖို့ ဖြစ်တာမို့ သီးခြားရေဒါ စနစ်တပ်ဆင်စရာ မလိုပဲ CIWS ဒါမှမဟုတ် ရေယာဉ်ပါ ပစ်ခတ်မှု ထိမ်းသိမ်းရေး စနစ်တွေနဲ့ တွဲဖက်နိုင်ပါတယ်။ ဒုံးကျည် ၈လုံးစီ ပါဝင်ပြီး ကျစ်လစ်သိပ်သည်းတဲ့ ဒေါင်လိုက်ပစ်စင်တွေကို သင်္ဘောရဲ့ နေရာလွတ် တစ်ခုခုမှာ တပ်ဆင်နိုင်ပြီး ၃၆၀ဒီကရီ လုံခြုံမှု ပေးနိုင်ပါတယ်။ အနိမ့်ပျံပစ်မှတ်တွေနဲ့ ဒုံးပျံကာကွယ်ရေးအတွက် အသုံးပြုနိုင်ပါတယ်။ အသံထက် ၂ဆအမြန်နုန်းရှိပြီး သာမန် ပစ်မှတ်တွေကို ၁၀ကီလိုမီတာ၊ ဒုံးပျံတွေကိုတော့ ၅ကီလိုမီတာ အတွင်းမှာ ပစ်ခတ်နိုင်ပါတယ်။ ဒေါင်လိုက်ပစ်စင် ၁ခုမှ ၆ခုထိ သင်္ဘော အရွယ်အစားပေါ် လိုက်လို့ တပ်ဆင်ကြပါတယ်။ ကျနော်တို့ရေတပ်ရဲ့ တိုက်သင်္ဘောများမှာ Igla ထက်ပိုကောင်းတဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးအသစ်များ မြင်တွေ့ရပါလိမ့်မည်ဟု မျှော်လင့်ရပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

Sunday, August 24, 2014

HQ-9/FT-2000 လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံစနစ်များ




HQ-9 ဒုံးပျံစနစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် တစ်ခုတည်းသော တိုက်ချင်းပစ်ဒုံးပျံကာကွယ်ရေး နှင့် ရေဒါပျောက် လေယာဉ်များကို ချေမှုန်းနိုင်သော ဒုံးပျံစနစ်ပါ။ ဒါ့အပြင် အီလက်ထောနစ်နှောက်ယှက်မှု များဖြင့် မတားဆီးနိုင်သော Antjamming & antiradiation စနစ်များအပါအဝင် ကိုယ်ပိုင်ရေဒါလမ်းညွန် စနစ်ပါဝင်သော ဒုံးပျံများ ဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံက နှစ်ပေါင်းများစွာ ပိတ်ဆို့ထားခဲ့သော တရုတ်နိုင်ငံ ကာကွယ်ရေး စက်ရုံများထံမှ စနစ်၁၂ခုထိ နည်းပညာပူးပေါင်းထုတ်လုပ်ရန် ကမ်းလှမ်းခံခဲ့ပြီး နာမည်ကြီးခဲ့သော စနစ်လဲဖြစ်ပါတယ်။


 HQ-9 သို့မဟုတ် မီးလျံနီ လို့ နာမည်တွင်တဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ရုရှားနိုင်ငံရဲ့ S-300 အမေရိကန်ရဲ့ MIM-104 Patriot တို့ကို လေ့လာကာ ၁၉၉၀ပြည့်လွန်တွင် CPMIEC ကုမ္မနီမှ ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၉၀ပြည့်လွန် နှစ်များဆီက တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ရုရှားနိုင်ငံမှ S-300P နှင့် S-300V အမျိုးအစားများကို ဝယ်ယူအသုံးပြုခဲ့ပြီး၊ စနစ်များတွင် တွဲဖက်ကာ ပြည်တွင်းဖြစ် ဒုံးပျံများအသုံးပြုနိုင်ရေး စတင်ကြိုးပမ်းရာမှ ကိုယ်ပိုင် စနစ်တစ်ခု ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ 
 
305A and B
HQ-9 စနစ်တစ်ခုမှာ ဒုံးကျည်၎လုံးစီ ပါဝင်သော TAS5380 ရွေ့လျားဒုံးပစ်စင် ၈ခုပါဝင်ပြီး (နောက်ပိုင်းမှာ ၁၂ခုမှသည် အခု၂၀ထိ တွဲဖက်နိုင်သည်) TWS-312 အမိန့်ပေးယာဉ်ဖြင့် ကြားခံတွဲဖက်ထားသော 305A AESA ထောက်လှမ်းရေး ရေဒါနှင့် 305B ပစ်မှတ်ရှာ ရေဒါများတပ်ဆင်ထားပါတယ်။ အနိမ့်ပျံထောက်လှမ်းရေး ရေဒါ Type120 ကိုလဲ တွဲဖက် တပ်ဆင်နိုင်ပါတယ်။
ဒုံးပျံများကတော့ S-300P ဒုံးပျံများနှင့် မတူပဲ အကြမ်းခံနိုင်ပြီး လျင်မြန်စွာ တုန့်ပြန်နိုင်သော S-300V ဒုံးပျံစနစ်များကဲ့သို့ ၂ဆင့်သုံး ဒုံးပျံအင်ဂျင်စနစ်များပါဝင်ပါတယ်။ ပထမအဆင့်မှာ ပစ်မှတ်ရှာ ရေဒါလမ်းညွှန်မှုဖြင့် ပစ်မှတ်အနီးကို ချဉ်းကပ်မှာဖြစ်ပြီး ဒုတိယ အဆင့်အနေနဲ့ ဒုံးကျည်မှာပါဝင်တဲ့ ရေဒါစနစ် (သို့) ရေဒီယိုလမ်းညွှန်မှုအောက်မှာ အသံထက် ၄ဆအမြန်နုန်းနဲ့ ပစ်ခတ်မှာဖြစ်ပါတယ်။ အကွာအဝေး ၂၀၀ကီလိုမီတာထိ ပစ်ခတ်နိုင်ပြီး အမြင့် ၅၀၀မီတာမှ မီတာ၃သောင်းထိ ပစ်ခတ်နိုင်ပါတယ်။ ၅၀၀မီတာထက် နိမ့်တဲ့ ပစ်မှတ်များအတွက်တော့ Type120 ရေဒါလိုအပ်ပြီး အဲသည်နေရာမှာတော့ HQ-9 ဟာ အင်မတန်အားနည်းတယ်လို့ ဆိုကြပါတယ်။
၂၀၀၉ခုနှစ် ပြည်ပကို ထုတ်ရောင်းဖို့ FT-2000 အဖြစ် ပွဲထုတ်လာတဲ့ အခါမှာတော့ ဆွဲဆောင်ချက် ၄ချက် ဖြင့် ဆွဲဆောင်ခဲ့ပါတယ်။

YLC-2


ပထမ တစ်ခုကတော့ တရုတ် ပစ္စည်းများရဲ့ ထုံးစံအတိုင်း ကုန်ကျစားရိတ် သက်သာပြီး ဘာမှ ရှုပ်ရှုပ်ထွေးထွေးမရှိပဲ အသုံးပြုရ လွယ်ကူတာဖြစ်ပါတယ်။ အထူးသဖြင့် ဒုံးကျည်များဖြစ်ပြီး ရုရှားလုပ် ဒုံးပျံများထက် လေးလံပေမယ့် ထိမှန်နိုင်ချေကတော့ ၇၀% ကျော်ရှိတယ်လို့ အာမခံပေးထားပါတယ်။ ဝယ်သူရဲ့ စိတ်ကြိုက်ကို လိုက်လို့ အသေးငယ်ဆုံးအဖြစ် ပစ်မှတ်ရှာ ရေဒါ(သို့) ထောက်လှမ်းရေး ရေဒါတစ်ခုနဲ့အတူ ဒုံးပစ်စင် ၆ခု(သို့)၈ခု(သို့) ၁၂ကို ဝယ်ယူပြီးလျင် အသုံးပြုနိုင်တော့တာ ပါပဲ။
Type120 radar
 ဒုတိယအချက်ကတော့ အသံထက် ၄ဆမြန်တာမို့ ကြားဖြတ်ဟန့်တားဖို့ ဘယ်လိုမှ မလွယ်ကူဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မြန်နုန်းမြင့် ဒုံးပျံများအတွက် S-300V စနစ်များမှာသာပါဝင်ပြီး စာချုပ်များစွာဖြင့် ထိမ်းချုပ်ထားတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ TVM (Track-via-missile) ခေါ် နောက်ဆုံးအချိန်ထိ ပစ်မှတ်ဆီရောက်အောင် ရေဒါလမ်းညွှန်နည်း၊ ဒုံးကျည်ပါ ရေဒါစနစ်နည်း၊ ရေဒီယို ဒါမှမဟုတ် တီဗွီစနစ်သုံး လမ်းညွှန်နည်းတို့ကို ပေါင်းစပ်အသုံးပြုတဲ့ စနစ်ကို ဈေးနုန်းချိုသာစွာနဲ့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။
HT-233

တတိယအချက်ကတော့ မည်သည့် ရေဒါစနစ်နဲ့မဆို တွဲဖက်နိုင်တာ ဖြစ်ပါတယ်။ ဒုံးကျည် တစ်စင်းချင်းဆီမှာ သီးခြား ရေဒါပါရှိတာကြောင့် သာမာန် လေကြောင်းစောင့်ကြည့်ရေး ရေဒါစနစ်နဲ့ပင် တွဲဖက်လို့ ပစ်ခတ်နိုင်ပါတယ်။ ဒါ့အပြင် HQ-9 အတွက် သီးခြား ပစ်မှတ်ရှာ ရေဒါ မဝယ်လိုသူတွေ အဖို့ အခြားရှိပြီးသား မည်သည့် ပစ်မှတ်ရှာ ရေဒါနဲ့မဆို တွဲဖက်ပေးနိုင်ပါတယ်။

H-200 

 

စတုထ္ထအချက်ကတော့ S-300PMU-2 မှာသာပါဝင်တဲ့ ကွန်ယက်ချိတ်ဆက်ခြင်း စနစ်ဖြစ်ပြီး၊ အခြားသော လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ တိုက်လေယာဉ်များ၊ လေကြောင်းထိမ်း ရေဒါများသာမက ဒုံးပျံများအချင်းချင်းပါ အချက်အလက် ချိတ်ဆက်နိုင်တာဖြစ်ပြီး မတူညီတဲ့ လမ်းကြောင်း ၂ခုကနေ တပြိုင်နက် တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။ အားနည်းချက်အနေနဲ့ အပြည့်အစုံမပါဝင်တဲ့ စနစ်များဟာ ရန်သူမိမိ ခွဲခြားနိုင်ခြင်း မရှိပါဘူး။ မီတာ ၅၀၀အောက် အနိမ့်ပျံ ရဟတ်ယာဉ်များနဲ့ ခရုစ်ကဲ့သို့ ဒုံးပျံများကို ကြားဖြတ်ဟန့်တားရန် အားနည်းချက်များ ရှိသော်လည်းပဲ ခုလို အချက်အလက် ချိတ်ဆက်ပြီး အခြားသော တာတို တာလတ် စနစ်များနဲ့ တွဲဖက်နိုင်တာမို့ ကာမိဟန်ရှိပါတယ်။ 

 

ဒုံးပျံကာကွယ်ရေးနဲ့ ရေဒါဖိဖျက်နဲ့ ရေဒါပျောက် လေကြောင်းရန် ကာကွယ်ရေးအတွက် YLC-2 လို့ အသိများကြတဲ့ 305A နဲ့ 305B အမျိုးအစား AESA ရေဒါများကို အသုံးပြုပါတယ်။ အကွာအဝေး ၃၀၀ကီလိုမီတာကျော်အထိ ထောက်လှမ်းပေးနိုင်ပြီး ကီလိုမီတာ ၁၂၀နဲ့ ၂၀၀ကြားမှာတော့ ရေဒါပျောက် စနစ်သုံးအားလုံးနဲ့ ပစ်မှတ်အငယ်များကို ဖမ်းယူနိုင်ပါတယ်။

သို့သော်လည်း B-2 ကဲ့သို့ လေယာဉ်ပျံများနဲ့ အမြင့်ပျံမောင်းသူမဲ့ ထောက်လှမ်းရေးရေဒါများ၊ ခေတ်မီစနစ်သုံး ရေဒါရှောင်စနစ်များကိုတော့ YLC-20 လို Passive sensor သုံးရေဒါများကို အသုံးပြုနိုင်ပါတယ်။ YLC-20 ဟာ HQ-9 ရဲ့ ပြည်ပပို့စနစ် FD-2000 ရဲ့ တွဲဖက်ရန် သတ်မှတ်ထားတဲ့ ရေဒါစနစ်ဖြစ်ပါတယ်။ FT-2000 မှာတော့ YLC-2 ရေဒါများ တပ်ဆင်ပါတယ်။

 

ပစ်ခတ်မှု ထိမ်းချုပ်ရေး ရေဒါများအနေနဲ့ HT-233 ရေဒါကို အသုံးပြုထားပြီး ကီလိုမီတာ ၃၀၀ ပတ်လည်အတွင်းမှာ ပစ်မှတ်ပေါင်း ၁၀၀ကျော် ထောက်လှမ်းနိုင်ပြီး ပစ်မှတ် ၅၀လောက်ကို နောက်ကြောင်းခံလိုက်နိုင်ပြီး ၃၀ကျော် တပြိုင်တည်း ပစ်ခတ်နိုင်ပါတယ်။ သို့သော်လည်း ပစ်မှတ်ရှာ ရေဒါတစ်ခုချင်းဆီမှာ တွဲဖက်ထားမယ့် ဒုံးကျည် ၄လုံးပါ ပစ်စင် ၃ခု(သို့)၄ခု  အတွက်ကိုတော့ HQ-12 စနစ်မှာ သုံးတဲ့ H-200 (သို့) SJ-200/212 /231 ရေဒါများ ဒါမှမဟုတ် S-300 မှာသုံးတဲ့ 30N6 ပစ်မှတ်ရှာ ရေဒါများကို အသုံးပြုနိုင်ပါတယ်လို့ အကြံပေးထားပါတယ်။ အဲဒီရေဒါများဟာ ကီလိုမီတာ ၁၂၀အတွင်းမှာ ပစ်မှတ် ၆ခုမှ ၁၂ခုထိ တပြိုင်တည်း ပစ်ခတ်နိုင်တာမို့ လုံလောက်တယ်လို့ ဆိုပါတယ်။ HQ-9 ရဲ့ စနစ်ဟာ ပစ်မှတ်ရှာ ရေဒါ HT-233 တစ်ခုကို ရှာဖွေရေး ရေဒါအောက်မှာ တွဲဖက်ထားပြီး ဒုံးပစ်စင် ၄ခု တွဲဖက်ပါတယ်။ အခြားသော H-200 ကဲ့သို့ရေဒါများကိုတော့ ဒုံးပစ်စဉ် ၂ခု (သို့) ၃ခုဆီဖြင့် တွဲဖက်ကာ ပစ်စင်၂၀လောက်ထိ တွဲဖက် ပစ်ခတ်နိုင်အောင် စီစဉ်ထားရှိတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် HT-233 တစ်ခုနဲ့ ဒုံးပစ်စင် ၄ခုပါစနစ်၊ ဒါမှမဟုတ် အခြား ရေဒါစနစ်များ ၂ခု အသုံးပြုတဲ့ ဒုံးပစ်စင် ၆ခုပါ စနစ်၊ ဒါမှမဟုတ် Ht-233 တစ်ခု အခြား ရေဒါစနစ်များ ပေါင်းစပ်အသုံးပြုတဲ့ ဒုံးပစ်စင် ၈ခုပါဝင်တဲ့ စနစ် စသည်ဖြင့် ဝယ်သူစိတ်ကြိုက် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ 

 

Type-120 အနိမ့်ပျံ ထောက်လှမ်းရေး ရေဒါစနစ်ကိုပါ တွဲဖက်ထားပြီးရင်တော့ အနိမ့်ပျံ ပစ်မှတ်များကို ပစ်ခတ်နိုင်တယ် ဆိုပေမယ့် လျင်မြန်စွာ လှုပ်ရှားသော ခရုစ်ဒုံးပျံများနဲ့ သေးငယ်သော မောင်းသူမဲ့များ ရဟတ်ယာဉ်များကို ပစ်ခတ်နိုင်ဖို့ကတော့ အားနည်းချက်ရှိပါတယ်။ သို့သော်လည်း လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်ခြင်းနဲ့ ဈေးနုန်းချိုသာခြင်း ခေတ်မီစနစ်သစ်များ ပါရှိခြင်းကြောင့် နိုင်ငံအများက စိတ်ဝင်တစားရှိသော လေကြောင်းရန် ကာကွယ်ရေးစနစ်သစ်တစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။